တားမြစ်နယ်မြေထဲ ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ KNLA တပ်မဟာ ၆ တို့ကြား ပစ်ခတ်မှုဖြစ်ပွား

၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာမှာ တားမြစ်နယ်မြေထဲကို ကျော်လွန်ဝင်ရောက်သည့် စစ်အုပ်စုတပ်ဖွဲ့နဲ့ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၆) တပ်ဖွဲ့တို့အကြား ဒီနေ့ (စက်တင်ဘာ ၁ ရက်) မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရပါတယ်။

ဩဂုတ်လ ၃၁ ရက် ညနေပိုင်းမှာ စစ်အုပ်စုတပ်တွေဟာ ကျိတ်ကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာအဝေးရှိ ပိုင်ကလန်ဒုံကျေးရွာဘက်ကို ဦးတည်ထွက်ခွာသွားပြီး ဒီနေ့မနက်မှာတော့ ကျိတ်ကျေးရွာနှဲ့ ပိုင်ကလန်ဒုံကျေးရွာအကြား မိုက်ခလိန်ထားနေရာမှည ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

” မနက် ၇ နာရီဝန်းကျင်မှ ပစ်ကြတာပေါ့နော်။ နာရီဝက်ကြာ ပစ်ကြတယ်။ မနေ့ညနေထဲက သူတို့ ပိုင်ကလန်ဒုံလက်ကို သွားတာ။ အစက BGF တွေလိုက်မသွားဘူး။ ပစ်ခတ်မှုတွေဖြစ်မှ BGFတွေ သူတို့ နောက်ကို ထပ်လိုက်သွားတယ်။ ဘယ်လိုတွေ ဆက်ဖြစ်နေလဲတော့ မသိဘူး။ ထိခိုက်ကျဆုံးမှု ရှိမရှိတော့ မသိဘူး။ ” လို့ ပြောပါတယ်။

စစ်အုပ်စုတပ်တွေကို KNLA ဘက်က တားမြစ်နယ်မြေထဲမကျူးကျော်ဖို့ သတိပေးခဲ့သော်လည်း စစ်အုပ်စုဘက်ကကျူးကျော်လာလို့ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်အုပ်စုတပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေရာချီ ကျိတ်ကျေးရွာထဲ ဝင်ရောက်လာလို့ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါသေးတယ်။

စစ်အုပ်စုဘက်က နယ်မြေကျူးကျော်မှုတွေ ပြုလုပ်လာတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို စိုးရိမ်လို့ ဒေသခံပြည်သူအချို့လည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Credit – KIC