
“တောင်သူ့အကျိုး ကုမ္ပဏီအကျိုး တာဝန်ခံရောင်းချပေးနေရသော အစိုးရ ဘရန်းမထိခိုက်စေရန် ကွင်းဆင်းလေ့ လာနိုင်ပါရန် သက်ဆိုင်ရာ ကုမ္ပဏီများ မိမိရောင်းချထားသော မြို့နယ်ဧရိယာများသို့ ဘရန်းရေရှည်ခိုင်မာစေရန် တောင်သူကိုယ်စား အကြံပြုဖိတ်ခေါ်အပ်ပါသည်”
၂၁၊ နိုဝင်ဘာ။
အစိုးရအစီအစဉ်နဲ့ မြို့နယ်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဝယ်မနေရ စနစ်နဲ့ ရောင်းချနေတဲ့ မျိုးစေ့ချ ကရိယာတွေကို လယ်သမားတွေက သူတို့အတွက် အသုံးဝင်တဲ့တိုင်အောင် ဝယ်ယူနေရတဲ့ အပေါ်ကို ပြည်ခိုင်ဖြိုးပါတီရဲ့ ဇလွန်အမတ် ဦးချိုမြင့်ခိုင်က ဝေဖန်လိုက်ပါတယ်။
“နယ်မြေကွင်းဆင်းစဉ် စပါးစိုက်နယ်မြေ မဟုတ်ဘဲ ကိုင်းစိုက်သည့် ဧရိယာက နယ်မြေခံများက ခွဲတမ်းအရဆိုကာ ဝယ်ယူထားရကြောင်း သိရပါသဖြင့် ထုတ်လုပ်သူတို့ လေ့လောကြပါရန် တောင်သူများကိုယ်စားတင်ပြရခြင်းဖြစ် ပါသည်” လို့ ဦးချိုမြင့်ခိုင်က သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ ရေးထားပါတယ်။
တောင်သူတွေ အနေနဲ့ မျိုးစေ့ချကိရိယာကို စီမံချက်နဲ့ ဘုံစုပေါင်းဝယ်ယူရတယ်လို့ သူကဆိုပါတယ်။ အစိုးရဟာ မျိုးစေ့ချကိရိယာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ရပ်ကွက်၊ ကျေးရွာအလိုက် လယ်သမားတွေကို ရောင်းချနေတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အဲဒီလိုမျိုး စေ့ချကိရယာ ရောင်းချခဲ့သူ ကုမ္ပဏီတွေ အနေနဲ့ ရောင်းချခဲ့တဲ့ နယ်မြေ၊ မြို့နယ် ဧရိယာအလိုက် ကွင်း ဆင်းလေ့လာပြီး အမှန်အသုံးပြုကာ တောင်သူတွေ ကြိုက်နှစ်သက်လား၊ နယ်မြေအလိုက် ကွင်းဆင်းဝန်ထမ်းတွေ ခန့်ထားလား၊ ဆက်သွယ်ဖို့ ဖုန်းနံပါတ် ပေးထားလားလို့လည်း ဦးချိုမြင့်ခိုင်က မေးခွန်းထုတ် ထားပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေက လာရောက် ရင်းနှီးမြုပ်နှံကြတဲ့ ကောက်ရိတ်စက်၊ ထွန်စက် စတဲ့ ကုမ္ပဏီတွေလိုမျိုး မျိုးစေ့ချကိရိယာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ တောင်သူတွေနဲ့ ကွင်းဆင်းထိတွေ့သင့်တယ်လို့ သူကဆိုပါတယ်။
“တောင်သူ့အကျိုး ကုမ္ပဏီအကျိုး တာဝန်ခံရောင်းချပေးနေရသော အစိုးရ ဘရန်းမထိခိုက်စေရန် ကွင်းဆင်းလေ့ လာနိုင်ပါရန် သက်ဆိုင်ရာ ကုမ္ပဏီများ မိမိရောင်းချထားသော မြို့နယ်ဧရိယာများသို့ ဘရန်းရေရှည်ခိုင်မာစေရန် တောင်သူကိုယ်စား အကြံပြုဖိတ်ခေါ်အပ်ပါသည်” လို့ ဦးချိုမြင့်ခိုင်က ပြောပါတယ်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဟာ အဲဒီမျိုးစေ့ချ ကိရိယာတွေကို ပုသိမ်၊ ဘိုကလေး၊ ကျုံပျော်၊ မြန်အောင်၊ ဇလွန် အပါအဝင် တိုင်းအတွင်းက မြို့နယ်တွေမှာ နှစ်စဉ် ခွဲတမ်းကျ ရောင်းချနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
လယ်သမားတွေမှာ လယ်ယာလုပ်ငန်းက အမြတ်နည်းရတဲ့အထဲ အဲဒီစက်တွေကို ဝယ်နေရကြတာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောကြပါတယ်။
“ကလေးကစားဖို့ပဲ ရတယ်။ ပစ်ထားရတယ်။ အဲဒါတွေကို ရွာသားတွေ စုပြီးဝယ်ရတာပါ။ မဝယ်လို့ မရဘူး။ ပစ္စည်းကို ယူချင်ယူ၊ မယူချင်နေ ပိုက်ဆံတော့ ပေးရတယ်” ဘိုကလေးမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။
စစ်အစိုးရ တာဝန်ရှိသူတွေဟာ အဲဒီမျိုးစေ့ချကိရိယာတွေကို အရင်တုန်းကတော့ နေကြာစိုက်ဖို့ အတွက်ဆိုပြီး တောင်သူ၊ လယ်သမားတွေကို အခမဲ့ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး အခုအခါ မဝယ်မနေရစနစ်နဲ့ အတင်းအကြပ် ရောင်းလာတာ ဖြစ်ပါတယ်။
အရင်ကာလ ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လက်ထက်က နယ်ဘက်တွေ ကွင်းဆင်းခရီး ထွက်တဲ့အခါတွေမှာ အဲဒီမျိုးစေ့ချ ကိရိယာအနည်းငယ်ကို ယူလာပြီး တောင်သူ၊ လယ်သမားတွေဆီ အခမဲ့ ဖြန့်ဝေပေးလေ့ရှိပြီး အခုနောက်ပိုင်းမှာတော့ ထွေအုပ်ဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဝယ်မနေရ ရောင်းစားလာကြတာ ဖြစ်ပါတယ်။
အဲဒီ မျိုးစေ့ချကိရိယာဟာ ဘယ်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းဖြစ်တယ်ဆိုတာ တိတိကျကျ မသိရပေမယ့် တိုင်းအစိုးရ အနေနဲ့ ကုမ္ပဏီတခုခုနဲ့ ပေါင်းပြီး ရောင်းစားနေတာ ဖြစ်နိုင်ကြောင်း၊ အရင်နှစ်တွေကလည်း အဲဒီလို လယ်သမားတွေအတွက် တကယ်အသုံးမတည့်တဲ့ စက်ပစ္စည်းတွေ ရောင်းချခဲ့ဘူးတယ်လို့ ဟင်္သာတမြို့နယ်မှ လယ်သမား အရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာလည်း အဲဒီလို စက်ပစ္စည်းတွေကို ကုမ္ပဏီနဲ့ ပေါင်းပြီး ရောင်းချတာရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ မဝယ်ချင်ရင် မဝယ်လို့ရတယ်လို့ ပြောကြပါတယ်။
“အခုက အကုန်လုံး ကြောက်နေရတဲ့ခေတ် ဖြစ်နေတာကိုး၊ မရှိရင်လည်း အကြွေးယူ ဝယ်ကြရမယ့် အဖြစ်တွေ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်သူက ပြောထားပါတယ်။
ဧရာဝတီတိုင်း နည်းတူ အခြားတိုင်းနဲ့ ပြည်နယ်တွေ အတွင်းမှာလည်း အခုလိုမျိုး မျိုးစေ့ချကိရိယာ တွေကို အစောပိုင်းမှာ အခမဲ့ဖြန့်ဝေပေးပြီး နောက်ပိုင်းမှာ မဝယ်မနေရစနစ်နဲ့ ရောင်းချတာတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။