
ကုတို့ဆိပ်ကျေးရွာအုပ်စု ရွှေဟင်္သာကျွန်း ကျေးရွာမှ ဒေသခံ ၈၁ ဦးနဲ့ ဖားလက်ခုံကျေးရွာမှ ဒေသခံ ခြောက်ဦးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။
၂၀၊ နိုဝင်ဘာ။
ဧရာ၀တီတိုင်း ဇလွန်မြို့နယ်အတွင်း ဧရာ၀တီမြစ်ကမ်းဘေးမှာ ပေါ်ပေါက်လာတဲ့ မြေနုကျွန်းကို ဖားလက်ခုံ ကျေးရွာအုပ်စုနဲ့ ကုတို့ဆိပ် ကျေးရွာအုပ်စုတို့အကြား ပိုင်ဆိုင်မှု အငြင်းပွား နေတဲ့အပေါ်မှာ သက်ဆိုင်ရာက နှစ်ဖက်ပြေလည်တဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့ ကြန့်ကြာနေပါတယ်။
“အခုက အရှုံး၊ အနိုင်လည်း ဘယ်သူ့မှလည်း ချမပေးဘူး။ မပေးဘဲနဲ့ ကျွန်တော်တို့ ကုတို့ဆိပ်၊ ရွှေဟင်္သာကျွန်းကိုတော့ စိုက်ခွင့်မပေးဘဲနဲ့ ဖားလက်ခုံ တောင်သူတွေကိုပဲ စိုက်ခွင့်ပေးတယ်ပေ့ါ။ သူတို့တွေ ၆ လပိုင်း ၁၆ ရက်နေ့က ဇလွန်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပေးထားတဲ့ ဟာကတော့ ဖားလက်ခုံ တောင်သူတွေကို ၅၂ ဧကကို ခရိုင်က ခွင့်ပြုထားကြောင်း ဆိုပြီးတော့ စာထုတ်ပေးလိုက်တာပေ့ါ” လို့ ကုတို့ဆိပ်ရွာမှ ဒေသခံကိုကြည်ခိုင် က ပြောပါတယ်။
ဖားလက်ခုံ နဲ့ ကုတို့ဆိပ်အကြား ပေါ်လာတဲ့ မြေနုကျွန်းကို ၂၀၂၃ ခုနှစ်မှာ ဇလွန်မြို့နယ် မြေစာရင်းဦးစီး ဦးအေးလွင်က ပိုင်ဆိုင်မှု ခွဲဝေပေးခဲ့ပြီး ရွှေဟင်္သာကျွန်း ကျေးရွာက ဒေသခံတရာကျော်ဟာ တဦးလျှင် တဧကစီ ခွဲတမ်းရခဲ့ကြပြီး ပုံမှန်လုပ်ကိုင် စိုက်ပျိုးလာခဲ့ ကြတာပါ။
အဲဒီအပေါ် ဖားလက်ခုံကျေးရွာအုပ်စုက လူခြောက်ဦးက သူတို့ပိုင်မြေတွေဆိုပြီး စိုက်ခင်းတွေကို အကြိမ်ကြိမ်လာ ဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအ တွင်းကလည်း ရွှေဟင်္သာကျွန်း ရွာသားတွေ စိုက်ပျိုးထားတဲ့ ရိတ် သိမ်းခါနီး ပြောင်း၊ ပဲစိုက်ခင်းတွေကို လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် စိုက်ခင်းဖျက်ဆီးခံရသူတွေက မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟိုအထိ အဆင့်ဆင့်တိုင်ကြားစာ ပေးပို့ခဲ့ကြပြီးနောက် ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာ မြို့နယ် မြေယာကော်မတီက မြေယာကွင်း အမှတ်တွေ ခွဲဝေခဲ့ပေမယ့် ဒေသခံတွေ အငြင်းပွားမှု မပြေလည်ကြသေးဘူးလို့ ဆိုပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိတာကြောင့် ထပ်မံ တိုင်ကြားထားကြပေမယ့် လာရောက် ဖြေရှင်းပေးတာလည်း မရှိဘူးလို့ ဆိုပါတယ်။
“ကျွန်တော်တို့နဲ့ မြေနုကျွန်း သူပိုင်တယ်၊ ကိုယ်ပိုင်တယ် လုတယ်။ တကယ့်တကယ်ကျတော့ မြို့နယ်က ကွင်းဖော် ပေးလိုက်တယ်။ ကွင်းတော့ ကျွန်တော်တို့ ကုတိုဆိပ် အုပ်စုကွင်းဆိုပြီးတော့ ဖော်ပေးလိုက်တယ်။ ဒါပေမယ့် လုပ်ခိုင်းလိုက်တာကျတော့ ဖားလက်ခုံဖက်ကို လုပ်ခိုင်းလိုက်တာ” လို့ ကိုကြည်ခိုင်က ပြောပါတယ်။
မြေနုကျွန်း ပေါ်လာတဲ့ ဧကတရာကျော်ထဲက ၅၂ ဧက ဖားလက်ခုံ ကျေးရွာအုပ်စု တောင်သူတွေဆီ ခွဲပေးတယ် ဆိုပေမယ့် တိကျတဲ့ မြေယာတိုင်းတာပေးတာတွေလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒီမြေယာ အငြင်းပွားမှုကိစ္စမှာ သက်ဆိုင်ရာက ဖြေရှင်းပေးတဲ့အခါ မြေစာရင်းဌာနက လာဘ်ယူတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြော ကြပါတယ်။
အဲဒီလို စွပ်စွဲပြောဆိုချက်တွေနဲ့ ပက်သက်လို့ မေးမြန်းဖို့ ဇလွန်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးဝေဖြိုးအောင်နဲ့ မြေစာ ရင်းဌာန ဝန်ထမ်း ဦးအောင်နိုင်ဝင်းတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားတာမရှိပါဘူး။
မြေနုကျွန်းမြေ သိမ်းယူခံရတဲ့ ရွှေဟင်္သာကျွန်း ကျေးရွာမှ အမျိုးသမီးတဦးကတော့ သူတို့ပိုင်ဆိုင်တဲ့ မြေယာတွေ မတရား အသိမ်းခံရတာဖြစ်ပြီး မြေတွေပြန်လိုချင်တယ်လို့ ပြောပါတယ်။
အခုအငြင်းပွားနေကြတဲ့ မြေဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း သောင်ထွန်းကာ မြေနုကျွန်းဖြစ်လာတဲ့ မြေယာတွေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ဇလွန်မြို့နယ် မြေစာရင်းဌာနမှ ဦးစီးမှူး ဦးအေးလွင်ကိုယ်တိုင် နယ်ခြားသတ်မှတ် ခွဲဝေပေးခဲ့တာလို့ ရွာသားတွေက ပြောကြပါတယ်။
အဲဒီတုန်းက ကတို့ဆိပ်ကျေးရွာအုပ်စု၊ ရွှေဟင်္သာကျွန်းကျေးရွာက ဧကတရာကျော် ခွဲတမ်းရရှိခဲ့ပြီး ဒေသခံ တောင်သူတွေကို မဲနှိုက်ခွဲဝေပေးခဲ့ကာ အခွန်အဖြစ် တဧကကို ငါးသောင်းစီ မြေစာရင်းဌာနက ကောက်ခံခဲ့ပါတယ်။ ရွှေဟင်္သာကျွန်း ရွာသားတွေဟာလည်း အဲဒီမြေပေါ် စိုက်ပျိုးလုပ်ကိုင် လာခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကဆိုရင် စစ်ကော်မရှင်ရဲ့ စီမံကိန်းအရ မဖြစ်မနေ စိုက်ခိုင်းတဲ့ နေကြာစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဖားလက်ခုံ ကျေးရွာမှ လူခြောက်ဦးကတော့ အဲဒီမြေတွေဟာ သူတို့မြေဆိုပြီး ရွှေဟင်္သာကျွန်း ရွာသားတွေ စိုက်ပျိုးထားချိန် လာရောက်ဖျက်ဆီးတာတွေ လုပ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ တကြိမ်၊ အခုနှစ်မှာ သုံးကြိမ် လာရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမြေယာ ကတို့ဆိပ်ကျေးရွာအုပ်စု ရွှေဟင်္သာကျွန်း ကျေးရွာမှ ဒေသခံ ၈၁ ဦးနဲ့ ဖားလက်ခုံကျေးရွာမှ ဒေသခံ ခြောက်ဦးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပါတယ်။
အခုလိုမျိုး လာရောက် ဖျက်ဆီးနေကြတာဟာ မြေစာရင်းဌာနက တာဝန်ရှိသူအချို့နဲ့ ဖားလက်ခုံကျေးရွာ အုပ်ချုပ်ရေးမှူးတို့က သူတို့ရွာသားခြောက်ဦးကို တဧကခြောက်သိန်းနှုန်းနဲ့ ရောင်းစားထားတာကြောင့် ဖြစ်တယ်လို့ ရွှေဟင်္သာကျွန်းရွာသားတွေက ပြောဆိုကြပြီး အဲဒီအပေါ် DNA က အတည်မပြုနိုင်ပါဘူး။