ပူတင်ကို လူသတ်သမားလို့ ဇလန်းစကီး တုံ့ပြန်

“ ကျတော်တို့အတွက် သူဟာ လူသတ်သမားတယောက်ပါပဲ။ ကမ္ဘာပေါ်က လူအများစုအတွက်လည်း သူဟာ လူသတ်သမားတယောက်လို့ ကျတော်ထင်ပါတယ်”

 

၂၁၊ နိုဝင်ဘာ။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို  မိတ်ဆွေ အဖြစ်ဖော်ညွှန်းပြောဆိုခဲ့ပြီးနောက် ပူတင်ဟာ လူသတ်သမားဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၂၀ ရက် သောကြာနေ့က ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတခုမှာ တုံ့ပြန်ပြောကြားလိုက်ပါတယ်။

 

ပူတင်အပေါ် ထရမ့်ရဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး CNN သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ “ကျတော်တို့အတွက်တော့ သူဟာ ရန်သူပါ၊ ပြီးတော့ ကျတော်တို့အတွက် သူဟာ လူသတ်သမားတယောက်ပါပဲ။ ကမ္ဘာပေါ်က လူအများစုအတွက်လည်း သူဟာ လူသတ်သမားတယောက်လို့ ကျတော်ထင်ပါတယ်” လို့ ဇလန်းစကီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

၂၀၂၅ ခုနှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထရမ့်နဲ့ ပူတင်တို့ နိုဝင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

သောကြာနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထရမ့်က ပူတင်အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့ ဆက်ဆံရေးကောင်းမွန်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။

 

“ပူတင်နဲ့ ကျတော့်ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါဟာ သိပ်ကိုကောင်းတဲ့ ကိစ္စပါ။ သမ္မတရှီနဲ့လည်း အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ဒါကလည်းကောင်းတဲ့ကိစ္စဖြစ်ပြီး အဲဒီဆက်ဆံရေးတွေကြောင့် ကျတော်တို့နိုင်ငံ လုံခြုံနေတာ ဖြစ်ပါတယ်”လို့ ထရမ့်က ပြောပါတယ်။

 

ပူတင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေလို့ ယုံကြည်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က “အမေရိကန်တစ်နိုင်ငံလုံး ကိုယ်စားတော့ ကျတော် မပြောနိုင်ပါဘူး” လို့ ဖြေကြားခဲ့ပေမဲ့သူတို့နှစ်ဦးကြားက အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ အမေရိကန်အတွက် နောက်ထပ်အင်အားတွေ အများကြီး ရရှိစေတယ်လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

 

ပူတင်ရဲ့ တပ်ဖွဲ့တွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းရတဲ့ ဆိုးရွားပြင်းထန်တဲ့စစ်ပွဲ ဖြစ်ပွားခဲ့တာပါ။

 

အရင်သမ္မတ ဂျိုးဘိုင်ဒမ် လက်ထက်တုန်းက အမေရိကန်ဟာ ယူကရိန်းရဲ့ အဓိကကျောထောက်နောက်ခံ ဖြစ်ခဲ့ပေမဲ့ ထရမ့်ကတော့ မနှစ်က နှစ်ဆန်းပိုင်းမှာ ရာထူးပြန်လည်ရယူပြီးကတည်းက ယူကရိန်းအပေါ် ပေးအပ်နေတဲ့ စစ်ရေးအထောက်အပံ့တွေကို ဖြတ်တောက်လျှော့ချထားပါတယ်။

ကိုးကား – AFP