ပဲ၊ ပြောင်းတွေ တရုတ်အဝယ်ရပ်ထားလို့ စျေးအနည်းငယ်ကျနေ

အရင်က ကျပ် ၂၉၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ သုံးတင်းပါ ပဲတီစိမ်းတအိတ်ကို ကျပ် ၂၇၀၀၀၀ ဝန်းကျင်၊ အရင် က တတင်းကျပ် ၅၅၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ မြေပဲဟာ ၅၀၀၀၀ ဝန်းကျင်စျေးရှိနေတယ်လို့ သိရပါတယ်။

၂၂၊ နိုဝင်ဘာ။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ တင်ပို့လာတဲ့ ပဲတီစိမ်း၊ မြေပဲနဲ့ ပြောင်းစေ့တွေမှာ ဓါတ်ကြွင်းကျန်မှု နှုန်းထား သတ်မှတ်ချက်တွေ ကျော်လွန်များပြားနေကြောင်း တွေ့ရှိရတဲ့အတွက် တရုတ်နိုင်ငံက အဝယ်ရပ်ထား တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ဆေးတွေ့ရှိတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံက ကုမ္ပဏီအချို့က တင်သွင်း လာတဲ့ ပြောင်း၊ ပဲတီစိမ်း၊ မြေပဲတွေကို ယာယီရပ်စဲထားမယ်လို့ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့က အကြောင်းကြားလာတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် အရင်က စျေးအတက်ဘက်မှာ ဦးတည်နေခဲ့တဲ့ ပဲတီစိမ်းနဲ့ မြေပဲစျေးဟာ အနည်းငယ် ကျနေတယ်လို့ ဒေသခံတောင်သူတွေနဲ့ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

“တရုတ်ကလည်း အများကြီးဝယ်တာလေ။ အဲဒါကြောင့် စျေးအေးသွားတာ။ ပြန်တော့ ယူမှာပါ၊ အခုက တင်သွင်း တဲ့ ကုမ္ပဏီတွေကို အရည်အသွေးစစ်ဆေးဖို့ အစိုးရဘက်က အကြောင်းကြားထားတယ်။ အဲဒါကိုတွေ စစ်ဆေးပြီး ရင် ပြန်ပို့နိုင်ကြမှာပါ” လို့ ရန်ကုန်မြို့မှ မြေပဲအရောင်းအဝယ်လုပ်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာ အရင်က ကျပ် ၂၉၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ သုံးတင်းပါ ပဲတီစိမ်းတအိတ်ကို ကျပ် ၂၇၀၀၀၀ ဝန်းကျင်၊ အရင် က တတင်းကျပ် ၅၅၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ မြေပဲဟာ ၅၀၀၀၀ ဝန်းကျင်စျေးရှိနေတယ်လို့ သိရပါတယ်။ အဲဒီလို တရုတ်အဝယ်ရပ်တာကြောင့် စျေးကွက်အပေါ် ထိခိုက်မှုကြီးကြီးမားမားတော့ မရှိနိုင်ဘူးလို့ ပြောကြပါတယ်။

“မြေပဲကတော့ ပြည်တွင်းမှာ ဆီလိုအပ်ချက်ရှိတော့ စျေးက သိပ်ကျမှာမဟုတ်ဘူး။ ပဲတီစိမ်းတို့လည်း စျေးကွက် အ များကြီးတော့ မထိနိုင်ပါဘူး” လို့ ပုသိမ်ဒေသခံ ပဲအရောင်းအဝယ်လုပ်နေသူတဦးက ပြောပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်းက ပဲတွေ စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာတာ ကြောင့် မတ်ပဲစိုက်ခင်းအချို့ ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတောင်သူ​တွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှ ဒေသခံတောင်သူတွေဟာ မိုးရာသီစပါးစိုက်ပြီး ဆောင်းသီးနှံအဖြစ် ပဲကို စီးပွားဖြစ် အများအပြား စိုက်ပျိုးကြပြီး စပါးရောပဲပါ စျေးကောင်းမရတာကြောင့် ဒေသခံတောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံ နေကြရတာဖြစ်ပါတယ်။

စပါးစျေးဟာလည်း အရင်နှစ်တွေတုန်းက တင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါး စျေးတည်ငြိမ်မှုမရှိဘဲ ကျပ် ၂၂ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခ တွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံလယ်သမားတွေက ပြောကြပါ တယ်။