ဓါတ်မြေဩဇာကို ဖြန့်ဖြူးစျေးနှုန်း ယှဉ်ပြိုင်စနစ်နဲ့ တင်သွင်းနိုင်ဖို့ စီစဉ်နေ

ယူရီးယားဓါတ်မြေဩဇာ(အလုံးကြီး) ၅၀ ကီလိုဂရမ်တအိတ်ကို ကျပ် ၁၂၄,၆၀၀ ကျပ်၊ ၁၅ ပတ်လည် ၅၀ ကီလိုဂ ရမ်တအိတ်ကို ၁၅၀,၀၀၀ ကျပ်နဲ့သာ ရောင်းချကြရမယ်လို့လည်း အဲဒီအသင်းက သတ်မှတ် ထုတ်ပြန်ထားပါတယ်။

၂၁၊ နိုဝင်ဘာ။

ဓါတ်မြေဩဇာတွေ တင်သွင်းနိုင်ရေးအတွက် ဖြန့်ဖြူးစျေးနှုန်း ယှဉ်ပြိုင်စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ ယှဉ်ပြိုင်လိုတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်နေတယ်လို့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။

ယူရီးယားနဲ့ DAP  ၁၅ ပတ်လည် ကွန်ပေါင်း ဓါတ်မြေဩဇာတွေကို လာမယ့် ဒီဇင်ဘာလအတွင်း ဖြန့်ဖြူးရောင်းချနိုင်ဖို့ ခေါ်ယူတာဖြစ်ပြီး ယှဉ်ပြိုင်လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ အသင်းကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

၁၅ ပတ်လည် ဖြန့်ဖြူးလိုသူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်လျှောက်ထားနိုင် တယ်လို့ ပြောပါတယ်။

ယူရီးယားဖြန့်ဖြူးလိုတဲ့ကုမ္ပဏီတွေကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား လျှောက်လွှာခေါ်ခဲ့ပြီး ဖြန့်ဖြူး ခွင့်ရ ကုမ္ပဏီတွေကို ကြေငြာတာတော့ မရှိသေးပါဘူး။

အခုလိုလုပ်တာဟာ လယ်သမားတွေအတွက် စျေးသက်သာနိုင်ပေမယ့် ဓါတ်မြေဩဇာမျိုးစုံ အတွက်ကိုလည်း  အခုလို လုပ်သင့်တယ်လို့ လယ်သမားတွေက ထောက်ပြကြပါတယ်။

“ရည်ရွယ်ချက်က ကောင်းပါတယ်။ စျေးတင်ရောင်းတာတွေ မရှိအောင် လုပ်တာပေ့ါလေ။ ဒါပေမယ့် နယ်ဘက်တွေကိုပါ ဖြန့်ပေးနိုင်တဲ့ ကုမ္ပဏီတွေ လိုတယ်” လို့ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်သူ တဦးက ပြောပါတယ်။

တောင်သူလယ်သမားတွေ အနေနဲ့ ဓါတ်မြေဩဇာတွေကို ရန်ကုန်အထိုင် စျေးနှုန်းအတိုင်း ဝယ်ယူနိုင်ရေး သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးမယ်လို့  မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားတယ်။

ယူရီးယားဓါတ်မြေဩဇာ(အလုံးကြီး) ၅၀ ကီလိုဂရမ်တအိတ်ကို ကျပ် ၁၂၄,၆၀၀ ကျပ်၊ ၁၅ ပတ်လည် ၅၀ ကီလိုဂ ရမ်တအိတ်ကို ၁၅၀,၀၀၀ ကျပ်နဲ့သာ ရောင်းချကြရမယ်လို့လည်း အဲဒီအသင်းက သတ်မှတ် ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် နယ်ဆိုင်တွေမှာတော့ စျေးတင်ရောင်းနေကြတာကြောင့် တောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြ ရတာပါ။ လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ယူရီးယားတအိတ်ကို တသိန်းခွဲဝန်းကျင်၊ ၁၅ ပတ်လည် တအိတ်ကို နှစ်သိန်းကျော်ထိ စျေးတင်ရောင်းနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အကုန်လုံး စျေးတက်ပါတယ်။ မျိုးစေ့ကအစ ဓါတ်မြေဩဇာတွေပါ တက်တယ်။ နယ်ဘက်တွေဆိုရင် ပိုပြီးတော့ တက်ပါတယ်။ ယူရီးယားတောင် တသိန်းခြောက်သောင်း၊ ခုနစ်သောင်းရှိတယ် ဒီဘက်မှာ” လို့ ရေကြည်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက ပြောထားပါတယ်။

အဲဒီလို စျေးတင်ရောင်းတာတွေရှိရင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဖုန်း ၀၉၉၈၈၅၃၉၃၆၀ ကို ဆက်သွယ်အသိပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ကုန်သည်၊ ဆိုင်ရှင်တွေဟာ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတယ်လို့အကြောင်းပြကာ စျေးတင်ရောင်းနေကြတာ ဖြစ်ပြီး လက်တွေ့မှာတော့ ဓါတ်မြေဩဇာတအိတ်ကို သယ်ယူစရိတ် ကျပ်နှစ်ထောင်ဝန်းကျင်သာ ရှိတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်း အတွင်းမှာ ဓါတ်မြေဩဇာတွေ စျေးတင်ရောင်းကြသလို စက်သုံးဆီတွေကိုလည်း ဆိုင်ကြီးတွေက မှောင်ခိုစျေးကွက်ကနေတဆင့် စျေးအဆမတန် တင်ရောင်းနေကြတာကြောင့် ဒေသခံ တောင်သူတွေမှာ ဆောင်းသီးနှံ စိုက်ပျိုးရမယ့် အချိန်ရောက်ပြီ ဖြစ်ပေမယ့် ထွန်ယက်ဖို့ အခက်အခဲ ဖြစ်နေကြရပါတယ်။