ပိတ်လိုက်တဲ့ စက်ရုံတွေက အလုပ်သမားတွေ အလုပ်အကိုင် ပြန်ရရေး အစိုးရ ဘာစီစဉ်ထားလဲ

လက်ရှိမှာ အနောက် နိုင်ငံအခြေဆိုက် အထိပ်တန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ H&M၊ Primade တွေဆီကနေ အထည်ချုပ် လုပ်ငန်းအမှာတွေ ရပ်နားလာတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံတွေ ဆက်တိုက်ပိတ်လာရတဲ့ အခြေအနေမှာ အစိုးရဘက်ကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့အဖြစ် ရင်ဆိုင်နေရတာတွေကို ကုစားဖြေရှင်းပေးဖို့ ပျက်ကွက်နေတယ်လို့ ပြည်တွင်းအလပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အထည်အော်ဒါ မရတာ ၊ ကုန်ကြမ်းပြတ်တောက်တာ စတဲ့အခြေအနေတွေကြောင့် ဒီနှစ်ထဲမှာပဲ အထည်ချုပ်လုပ်ငန်း ၁၀ ခုနီးပါး ပိတ်သိမ်းခဲ့ရသလို ဆက်ပြီးလည်း လုပ်ငန်းရပ်ဆိုင်းလု အထည်ချုပ် လုပ်ငန်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“စက်ရုံတရုံ ရပ်နားလိုက်တိုင်း အလုပ်သမား ထောင်ဂဏန်းလောက် အလုပ်လက်မဲ့ ဖြစ်ရတာ ။ လက်ရှိဖြစ်နေတာက အသစ်ထပ်ဖွင့်တာ မရှိပဲ ပိတ်တာတွေပဲ များလာတာ။ စစ်အုပ်စုက ဒီဖြစ်ရပ်တွေအပေါ်  နှာစေးနေပြီး ဘာမှ ကုစားပေးနိုင်တာ မရှိဘူး” လို့ ပြည်တွင်းအခြေစိုက်အ လုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ  ဥရောပအခြေစိုက်  ကုန်အမှတ်တံဆိပ် အဝတ်အထည်တွေ ချုပ်လုပ်တဲ့ စက်ရုံတွေနောက်ထပ်အော်ဒါအပ်နှံတာမရှိတော့လို့ ဆက်တိုက်ပိတ်သိမ်းတာတွေရှိလာတာ ဖြစ်ပါတယ်။

နာမည်ကြီးကုန်အမှတ်တံဆိပ်တွေက မြန်မာနိူင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မူတွေဆိုးရွားလာတာကို ထောက်ပြပြီး သူတို့ရဲ့ စံနှူန်းတွေကို မထိခိုက်ရအောင် လုပ်ငန်းအပ်နှံ ချုပ်လုပ်တာတွေ ရပ်ဆိုင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အစိုးရက စက်ရုံတွေ ပိတ်သိမ်းတာနဲ့ ပတ်သက်လို့ အဖျက်သဘော လုပ်ဆောင်သူတွေရဲ့ သွေးထိုးလှုံ့ဆော်တာတွေကြောင့်ဆိုပြီး အကြောင်းပြချက် ပေးထားပါတယ်။

” အာဏာသိမ်းတဲ့ အကျိုးအဆက် ဆိုတာကို စစ်အုပ်စုက လက်မခံဘူး။ တခြားသူတွေကို လက်ညိုးထိုးပြီး ဆင်ခြေပေးနေတာ ” လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ဦးဆောင်သူ တဦးက ပြောပါတယ်။

အခုနှစ်ထဲမှာ အထည်ချုပ်စက်ရုံနဲ့  စက်မှုကုန်ထုတ် လုပ်ငန်းတော်တော်များများ ရပ်နားခဲ့တာ ရှိသလို အလုပ်လက်မဲ့ ဖြစ်ပွားမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတဲ့ ပြဿနာကို ဆိုးရွားစွာ ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

လက်ရှိမှာ အနောက် နိုင်ငံအခြေဆိုက် အထိပ်တန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ H&M၊ Primade တွေဆီကနေ အထည်ချုပ် လုပ်ငန်းအမှာတွေ ရပ်နားလာတာဖြစ်ပါတယ်။

မြန်မာပြည်တွင်းက စက်ရုံအများစု ထိပ်ပ်တန်းရောင်းတန်းဝင် အမှတ်တံဆိပ် အထည်တွေကို တိုက်ရိုက်ရင်းနှီးမြုပ်နှံ ချုပ်လုပ်တာမဟုတ်ပဲ တဆင့်ခံလက်ခစား (CPM)အဖြစ်လုပ်ကိုင်လည်ပတ်နေတာ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်ခလစာ နည်းပါးတဲ့ စိန်ခေါ်မှု ရှိနေချိန်မှာ စစ်အစိုးရက ကူညီဖြေရှင်းပေးတာ မရှိတဲ့အပြင် ပြည်ပသွားရောက် လုပ်ကိုင်ခွင့်ကိုပါ တားဆီးပိတ်ပင်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။