သတင်းပေးဒလန်တွေကို ဆုငွေချီးမြှင့်ဖို့ စစ်အုပ်စု ကောင်စီဝင်တွေ တောင်းဆို

၂၄၊ ဩဂုတ်လ၊ ၂၀၂၁။

CRPH၊ NUGနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သတင်းတွေကိုပေးနေတဲ့ သတင်းပေးဒလန်တွေကို ဆုငွေချီးမြှင့်ဖို့ စစ်အုပ်စု ကောင်စီဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညာအောင်မိုးနဲ့ ဦးရွှေကြိမ်းတို့က အကြမ်းဖက်စစ်အုပ်စု တပ်ချုပ် မင်းအောင်လှိုင်ကို တင်ပြတောင်းဆိုခဲ့တယ်လို့ စစ်အုပ်စုရဲ့ ဩဂုတ်လ ၂၄ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

CRPH၊ NUGနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ထောက်ခံသူ ပံ့ပိုးသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူပေးဖို့၊ ဒလန်သတင်းပေးတွေကို ဆုကြေးငွေတွေ ချီးမြှင့်ပေးဖို့နဲ့ သတင်းထုတ်ပြန်ပေးဖို့၊ ဒေါ်လာစျေးနဲ့ ရွှေစျေးကစားနေသူတွေကို ဖော်ထုတ်နိုင်ဖို့၊

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးတာ လက်နက်ပစ္စည်း ကူညီထောက်ပံ့တာ လုပ်ဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တားဆီးဖို့ တွေကို စစ်အုပ်စု ကောင်စီဝင်တွေက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ သတင်းပေးဒလန်တွေကို ဆုကြေးငွေ ချီးမြှင့်နိုင်မည့်အစား ကာကွယ်စောင့်ရှောက်မှုပါ မပေးနိုင်တာကြောင့် စစ်အုပ်စု နောက်လိုက် အုပ်ချုပ်ရေးမှူးတွေ ရာထူးအသီးသီးက နှုတ်ထွက်တာဟာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေပါတယ်။

Photo – AP