သွေးမအေးတဲ့ ပညာရေးသပိတ် ပြုလုပ်မယ်

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ထောက်ခံပြီး အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း သွေးမအေးတဲ့ ပညာရေးသပိတ်ကို အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂက ဦးဆောင်ပြီး ဩဂုတ်လ ၁၄ရက်နေ့မှာ onlineသပိတ် ပြုလုပ်သွားမယ်လို့ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုကော်မတီကပြောပါတယ်။

“အခြေခံပညာ ဆရာ၊ဆရာမတွေ အားလုံးကို ဖိတ်ခေါ်ထားပါတယ်၊ ကျွန်တော်တို့ဟာ ဖက်ဆစ် လူသတ်စစ်တပ်ကို လက်မခံဘူး အမျိုးသားညီညွတ်ရေးအစိုးရကိုပဲ လက်ခံတယ် ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ကုလသမဂ္ဂက လက်ခံဖို့အတွက် ပညာရေးမိသားစုတွေက တောင်းဆိုမှုလုပ်မှာဖြစ်ပါတယ်၊ ပါဝင်လိုတဲ့ ဆရာ၊ဆရာမတွေအနေနဲ့

အဖြူ၊အစိမ်း ကျောင်းဝတ်စုံတွေကို ဝတ်ဆင်ပြီးတော့ Maskတပ်မယ် အာဏာရှင်အလိုမရှိကြောင်း ညာဖက်က လက်သုံးချောင်းထောင်ပြီးတော့ ဘယ်ဖက်လက်ကနေ UN #Accept NUG #Reject SAC စာသားရေးထားတဲ့ ဆိုင်းပုဒ်ကိုကိုင်ဆောင်ပြီးတော့ ဓာတ်ပုံရိုက်ပြီး ကျွန်တော်တို့ အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီ Page messengerကို ပို့ပေးပြီး ကျွန်တော်တို့က စုစည်းတင်ပြပြီး သွေးမအေးတဲ့ ပညာရေးသပိတ်ကို လုပ်ဆောင်သွားမှာပါ”လို့ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂ ဗဟိုကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောပါတယ်။

စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြု အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း သွေးမအေးတဲ့ ပညာရေးသပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခြင်းပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။