AI သုံးပြီးစာခိုးချတဲ့ ပြဿနာဂယက်ကြောင့် တောင်ကိုရီးယားပညာရေးဝန်ကြီး ရာထူးက နုတ်ထွက်

ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာနဲ့ စာမေးပွဲအနားကပ်မှ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ်ပြောင်းလဲခဲ့တာတွေကြောင့် ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေ အခက်အခဲဖြစ်ခဲ့ရတယ်ဆိုတာကို ဝန်ကြီး ချွိုင်က ဝန်ခံထားပါတယ်။

၂၃၊ နိုဝင်ဘာ။

 

 

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်မီ ဖြစ်ပွားခဲ့တဲ့ AI နည်းပညာသုံး စာခိုးချမှု ပြဿနာကြောင့်

တောင်ကိုရီးယား ပညာရေးဝန်ကြီး ချွိုင်ဂျိုဂျင်ဟာ တနင်္ဂနွေနေ့မှာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

 

သမ္မတ လီဂျေမြောင်ကလည်း တနာရီအတွင်းမှာပဲ အဆိုပါ နုတ်ထွက်စာကိုလက်ခံခဲ့ပြီး နိုင်ငံတော်အဆင့် စာမေးပွဲစီမံခန့်ခွဲမှုတွေနဲ့ သက်ဆိုင်ရာ ဥပဒေတွေကို ဘက်စုံပြန်လည်သုံးသပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့  နိုင်ငံတော်အဆင့် အခွန်စာရင်းကိုင်စာမေးပွဲမှာ အမှတ်အများဆုံးရရှိခဲ့သူဟာ ကင်မရာအသေးစား၊ စမတ်ဖုန်းနဲ့ AI နည်းပညာတွေကို အသုံးပြုပြီး စာခိုးချခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက်မှာ အစိုးရအနေနဲ့  စာမေးပွဲတွေကို ပိုမိုတင်းကျပ်တဲ့ကန့်သတ်ချက်တွေ အလျင်အမြန် ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာ Suneung လို့ လူသိများတဲ့ အရေးပါတဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်မီ ၄ရက်အလိုမှာ အဆိုပါ သတင်းပေါ်ထွက်လာခဲ့တာပါ။

 

ဒါ့ကြောင့် ၈ နာရီကြာ ကျင်းပတဲ့ အဆိုပါစာမေးပွဲကာလအတွင်း အာဏာပိုင်တွေဟာ ဝိုင်ဖိုင်အင်တာနက်လိုင်းတွေကို ကန့်သတ်ခဲ့သလို မျက်မှန်တွေနဲ့ အင်္ကျီကြယ်သီးတွေထဲမှာ လျှို့ဝှက်ပစ္စည်းတွေ ဖွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ဝှက်ယူလာတဲ့ ဖုန်းတွေကို ရှာဖွေဖော်ထုတ်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ချက်ချင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

 

နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေကို ဝင်ခွင့်ရဖို့ အဓိကအခန်းကဏ္ဍကနေပါဝင်နေတဲ့ အဆိုပါ စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားတဲ့ကျောင်းသားပေါင်း ၅၅၀,၀၀၀ ကျော် ရှိပါတယ်။

 

ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာနဲ့ စာမေးပွဲအနားကပ်မှ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ်ပြောင်းလဲခဲ့တာတွေကြောင့် ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေ အခက်အခဲဖြစ်ခဲ့ရတယ်ဆိုတာကို ဝန်ကြီး ချွိုင်က ဝန်ခံထားပါတယ်။

ဒါ့အပြင် အသက် ၇၂နှစ်အရွယ် ဝန်ကြီးက သူ့ရဲ့ အသက်အရွယ်ကြောင့် AI အကူအညီနဲ့ ခိုးချတာတွေကို လက်လှမ်းသိရှိနိုင်မယ် မထင်ဘူးလို့ ပြောဆိုခဲ့ပြီးနောက်မှာလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

 

ကိုးကား – AFP