
“အထွက်နှုန်းကတော့ လျော့ဖို့သေချာတယ်။ ပဲတွေ ထိတယ် ဒီနှစ်၊ မိုးမလာနိုင်တော့ဘူး ထင်ပြီးတော့ မြောင်းတွေ ဘာတွေလည်း ကြိုမလုပ်ထားကြဘူး”
၂၃၊ နိုဝင်ဘာ။
ဧရာ၀တီတိုင်းအတွင်းက မြန်အောင် နဲ့ ဇလွန်မြို့နယ်တွေ အတွင်းမှာ နိုဝင်ဘာလ ပထမပတ်၊ ဒုတိယပတ်နဲ့ အခုရက်ပိုင်းအတွင်း မိုးရွာခဲ့တာကြောင့် ပဲခင်းတချို့မှာ အဝါရောင်သန်းပြီး ပျက်စီးလုနီးအခြေ အနေဖြစ်နေပါတယ်။
“မိုးသုံးကြိမ် ထိထားတာ အဝါရောင်တွေ ဖြစ်နေတယ်ဗျာ။ ရေဖောက်ထားပေမယ့် ရေက နည်းနည်းဝပ်နေသေး တယ်။ မသေရင်တောင် ထွက်နှုန်းတော်တော်ထိမယ်ထင်တယ်” လို့ မြန်အောင်မြို့နယ်မှ ပဲစိုက်တောင်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ဇလွန်မြို့နယ် ရွှေဟင်္သာကျွန်းက ပဲခင်းအချို့ဟာလည်း အဲဒီလို အဝါရောင်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်၊ ၇ ရက်၊ ၁၉၊ ၂၀ နဲ့ အခုရက်ပိုင်းမှာ မိုးရွာသွန်းမှုရှိခဲ့တာ ဖြစ်ပါ တယ်။
အဲဒီမိုးကြောင့် စိုက်ပျိုးပြီး ရက်သားအရွယ် ပဲခင်းအချို့ ပျက်စီးခဲ့ရပြီး နှစ်ပတ်ကျော်၊ သုံးပတ်သားအရွယ် ပဲခင်းတွေ ကတော့ အခုလိုမျိုး အဝါရောင် သန်းနေတာပါ။
“အထွက်နှုန်းကတော့ လျော့ဖို့သေချာတယ်။ ပဲတွေ ထိတယ် ဒီနှစ်၊ မိုးမလာနိုင်တော့ဘူး ထင်ပြီးတော့ မြောင်းတွေ ဘာတွေလည်း ကြိုမလုပ်ထားကြဘူး” လို့ ဇလွန်ဒေသခံ ပဲစိုက် တောင်သူတဦးက ပြောပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်းက ပဲတွေ စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာတာ ကြောင့် မတ်ပဲစိုက်ခင်းအချို့ ပျက်စီးမှုတွေရှိနေတာလို့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှ ဒေသခံတောင်သူတွေဟာ မိုးရာသီစပါးစိုက်ပြီး ဆောင်းသီးနှံအဖြစ် ပဲကို စီးပွားဖြစ် အများ အပြား စိုက်ပျိုးကြပြီး စပါးရော ပဲပါ စျေးကောင်းမရတာကြောင့် ဒေသခံတောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံ နေကြရတာဖြစ်ပါတယ်။
စပါးစျေးဟာလည်း အရင်နှစ်တွေတုန်းက တင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါး စျေးတည်ငြိမ်မှုမရှိဘဲ ကျပ် ၂၂ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခ တွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံလယ်သမားတွေက ပြောကြပါ တယ်။
စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဓါတ်မြေဩဇာ၊ စက်သုံးဆီအပါအဝင် သွင်းအားစုတွေ၊ အလုပ်သမား စ ရိတ်တွေစျေးကြီးတာကြောင့် အရင်းကြီးထားတဲ့ တောင်သူလယ်သမားတွေအဖို့ အခုလို မိုးကြောင့် ပျက်စီးရတဲ့အ တွက် အများကြီး နစ်နာကြရတယ်လို့ ဆိုပါတယ်။
ဧရာ၀တီတိုင်းအတွင်း မိုးနဲ့ လေပြင်းကြောင့် ပဲခင်းအချို့ ပျက်စီးရသလို ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့်လည်း ကျုံပျော်၊ ရေကြည်၊ ဟင်္သာတ၊ လေးမျက်နှာမြို့နယ်တို့အတွင်းမှ စပါးခင်းဧက ငါးသောင်းဝန်းကျင်ဟာလည်း ပျက် စီးခဲ့ရပါတယ်။