တပ်မ​ဟာ (၅) မှာ တိုက်ပွဲ​တွေဆက်တိုက်ဖြစ် စစ်အုပ်စုဘက်က အကျအဆုံးများ

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲတွေဆက်ဖြစ်လို့ ၂ရက်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ဦးသေဆုံးပြီး ၁၉ဦးဒဏ်ရာရတယ်လို့ တပ်မဟာ(၅)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်တွေနဲ့ သူ့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က စစ်အင်အားတွေဖြည့်တင်းတာ စစ်ရေးလှုပ်ရှားလာတာတွေကြောင့် တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတာပါ။

ဩဂုတ် ၂၁ရက်နဲ့ ၂၂ရက်မှာ တိုက်ပွဲ ၉ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်အုပ်စုဘက်က သေဆုံးထိခိုက်မှုတွေ များပြီး တပ်မဟာ(၅)ဘက်က အကျအဆုံးမရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ စကခ(၈) လက်အောက်ခံ ခမရ ၄၀၇ နဲ့ ၄၀၈ တပ်တွေ၊ BGFတပ်တွေဟာ ကမမောင်း – ဖာပွန်ကားလမ်းလုံခြုံရေးကို အကြောင်းပြပြီး လမ်းကင်းစောင့်ဆိုင်းနေစဉ်မှာ ဖာပွန်ခရိုင်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိခဲ့တယ်လို့လည်း တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက လစဉ် တိုက်ပွဲတွေ ရာနဲ့ချီဖြစ်ခဲ့တဲ့ KNU တပ်မဟာ(၅)နယ်မြေမှာ အခုလအတွင်း တိုက်ပွဲနဲ့ ပစ်ခတ်မှု အနည်းဆုံးအကြိမ် ၉၀ ကျော်ရှိပြီးတော့ စစ်အုပ်စုတပ်က ၆၀ဦးကျော် သေဆုံးခဲ့ပြီဖြစ်တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်အုပ်စုဘက်ကတော့ ကရင်ဒေသ တိုက်ပွဲဖြစ်စဉ်တွေကို သတင်းအမှောင်ချထားပါတယ်။

စစ်အုပ်စုတပ်တွေဟာ KNU တပ်မဟာ ခုနစ်ခုရှိတဲ့အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)နဲ့ တပ်မဟာ(၆) နယ်မြေတွေမှာ ဝင်ရောက်စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်။

KNUဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ ပြည်သူတွေကိုအကူအညီနဲ့ အကာအကွယ်တွေပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုခန့်အပ်တဲ့ မြန်မာသံဝန်ထမ်းသစ်တွေကို ဂျပန်အစိုးရက ပြည်ဝင်ခွင့်ငြင်းပယ်

Read Next

ထားဝယ် ခမရ ၄၀၁၊၄၀၂တို့မှ တပ်မတော်သား ၅ဦး အလင်းဝင်ရန်ကြိုးစား