အာဆီယံဒေသတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုအများဆုံးစာရင်းမှာ မြန်မာက နံပါတ် ၅ရှိနေ

၂၂ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

အာဆီယံ ၁၀နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု အများဆုံးစာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၅မှာ ရောက်ရှိနေတယ်လို့ The Nation Thailand သတင်းဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိ ကိုဗစ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၂သိန်း ၄သောင်းကျော်နဲ့ သေဆုံးသူ ၅ထောင် ၈ရာကျော် ရှိလာပါပြီ။ အဲဒီပမာဏဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်သာဖြစ်ပြီး

မြေပြင်မှာတော့ ရန်ကုန်မြို့မှာတင် တစ်ရက်ကို သေဆုံးသူ ၁ထောင်ကျော် မြင့်တက်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးတိုက်ခိုက်တာတွေနဲ့ ကိုဗစ်လူနာတွေ အောက်ဆီဂျင်အလွယ်တကူမရအောင် ပိတ်ပင်နေတာတွေကြောင့် နေ့စဉ်ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။

ဒါ့အပြင် ကိုဗစ်လူနာတွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း ရမနေကြပါဘူး။ အာဆီယံ ၁၀နိုင်ငံစာရင်း ထိပ်ဆုံးမှာ

ရောဂါကူးစက်ခံရသူ ၂ ဒဿမ ၉သန်းကျော်နဲ့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်နေပြီး ၊ ဖိလစ်ပိုင်နိုင်ငံက ၁ ဒဿမ ၅သန်းကျော် ၊ မလေးရှားက ၉သိန်းခွဲကျော်နဲ့ ထိုင်းနိုင်ငံက ၄သိန်းကျော် အစဉ်လိုက်ရှိနေပြီး ကူးစက်မှုအနည်းဆုံးကတော့ ဘရူနိုင်းနိုင်ငံ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့အထိ စာရင်းအရ အာဆီယံမှာ ရောဂါကူးစက်သူ စုစုပေါင်း ၆ ဒဿမ ၃သန်းကျော်နဲ့ သေဆုံးသူ ၁သိန်း ၂သောင်းကျော် ရှိလာပါပြီ။

Ref – The Nation Thailand

Delta News

Read Previous

မြန်မာကို စစ်ဘက်သုံးပစ္စည်းတွေ ထောက်ပံ့မယ်လို့ ရုရှားလက်နက်ကုန်သည်အကြီးအကဲပြော

Read Next

အင်းစိန်ထောင်တွင်းတိုက်ပွဲ ဘာကြောင့်ဖြစ်တာလဲ