အင်းစိန်ထောင်တွင်းတိုက်ပွဲ ဘာကြောင့်ဖြစ်တာလဲ

ဒီနေ့မနက်ပိုင်းမှာ အင်းစိန်အကျဉ်းထောင်အတွင်းက အကျဉ်းသားတွေရဲ့ ဆန္ဒပြကြွေးကြော်သံတွေ၊ သွေးသစ္စာသီချင်း သံပြိုင်သီဆိုမှုတွေကို ထောင်အပြင်ဝန်းကျင်အထိ ကြားခဲ့ရပြီး ဒီသတင်းဟာ ဖေ့ဘွတ်လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။

မနက် ၇ နာရီ တန်းဖွင့်ချိန်အပြီး မကြာမှီမှာ ကြွေးကြော်သံတွေ စထွက်ပေါ်လာခဲ့တာလို့ ထောင်အနီးဝန်းကျင်မှာ နေထိုင်သူ အင်းစိန်သား တဦးကပြောပါတယ်။ အခု အသံတွေဟာ အင်းစိန်ထောင်မကြီးဘက်က မဟုတ်ပဲ ထောင်မကြီးရဲ့ အရှေ့ဘက်ဘေး သီးသန့်ထောင်ဆီက ကြားရတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ အင်းစိန်အောင်စိုးကလည်း အတည်ပြုပါတယ်။

“ဆန္ဒပြ ကြွေးကြော်သံတွေဟာ ဘာကြောင့် ၊ဘယ်လို စဖြစ်ခဲ့တယ်ဆိုတာ အတည်ပြုလို့ မရနိုင်သေးပေမယ် ဒါဟာ ထောင်တွင်းတိုက်ပွဲ တခုဖြစ်တယ်”လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က မှတ်ချက်ပြုပါတယ်။

ဒါက ထောင်တွင်းအခွင့်အရေးရခြင်း၊ မရခြင်းနဲ့ မဆိုင်ဘူး၊ တော်လှန်ရေးအတွက် ရတဲ့နေရာက ရသလိုတိုက်ပွဲဝင်တာလို့ပဲ မြင်ပါတယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုကြောင့် ထောင်အတွင်းမှာ ဖိနှိပ်မှုတွေ ရှိလာမှာကိုလည်း

စိုးရိမ်မိတယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။

ဆန္ဒပြကြွေးကြော်သံတွေ ကြားရအပြီး အင်းစိန်ထောင်အတွင်းကို စစ်ကား ၂ စီးမောင်းဝင်သွားတာ တွေ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။ အဲဒီနောက် ထောင်တွင်း ဩဉဆွဲသံတွေကြားရကာ ဆန္ဒပြကြွေးကြော်မှုတွေ ငြိမ်သက်သွားခဲ့ပြီး ပစ်ခတ်နှိပ်နင်းတဲ့ သေနတ်သံတစုံတရာကိုတော့ မကြားရဘူးလို့ အနီးအနားဝန်းကျင်ရှိသူတဦးက ဆက်သွယ်ပြောပါတယ်။

သတင်းတွေအရ အင်းစိန်ထောင်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုကလည်း ဆိုးဆိုးရွားရွားဖြစ်နေပြီး ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်လျှောက်မှုတွေလည်း မရဘူးလို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဒီချုပ်ပါတီရဲ့ ဗဟိုအလှုပ်အမှုဆောင် ဦးဉာဏ်ဝင်းလည်း ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ဆိုင်မှု တခုအနေနဲ့ မနေ့က ၂၂ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ကနေ ရာဇဝတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ထောင်အချုပ်သား တထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး နောက်တနေ့မှာ အခုလို ထောင်တွင်း တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ထောင်တွင်းတိုက်ပွဲ ဘာကြောင့် ဖြစ်ပေါ်ခဲ့တာလည်းဆိုတာ ပြည်သူတွေအကြား သုံးသပ်မှုတွေ ရှိနေပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ မတရားဖမ်းဆီးထောင်သွင်းအကျဉ်းချခံထားရတာတွေကြောင့် အခုလို ထောင်တွင်းတိုက်ပွဲ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ထောင်ထဲမှာ ကိုဗစ်နဲ့ပါတ်သက်ပြီး အရမ်းဆိုးရွားနေတယ် ၊ နောက်ပြီးတော့ သူတို့အနေနဲ့ လုံလောက်တဲ့ ကာကွယ်၊ ကုသ၊ ထိန်းချုပ်မှု မရှိဘူးဆိုတဲ့ အချက်အပေါ်ကို အခြေခံတယ်။ ထောင်ထဲမှာ ဖမ်းဆီးခံနေရတဲ့ ကိုယ်တိုင်က တကယ့်ကို မဖြစ်သင့်တဲ့ အရာဖြစ်တယ်။ အခုဆိုရင် တကယ်လွှတ်ပေးသင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးပဲ

ပြစ်မှုကြောင့် ဖမ်းခံထိတဲ့သူတွေ လွှတ်ပေးနေတယ်၊ အခုအချိန်အထိ တိကျမှန်ကန်တဲ့ တရားစီရင်မှုနဲ့ မဟုတ်ပဲ မတရားမှုတွေ နဲ့ တရားစီရင်နေတဲ့ ရလဒ်တွေကြောင့် ဖြစ်တယ်”လို့ အမျိုးသားညီညွှတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပါတယ်။

ထောင်တွင်း ဆန္ဒပြကြွေးကြော်သံတွေက ၈ နာရီခွဲ ဝန်းကျင်မှာ ငြိမ်သက်သွားခဲ့တာပါ။ အခုလို ထောင်တွင်းတိုက်ပွဲနဲ့ပါတ်သက်ပြီး ဘယ်လို ဖိနှိပ် ဖမ်းဆီးမှုတွေ ထပ်ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

အင်းစိန်ထောင်က ညွှန်မှူး ဦးဇော်ဇော်ကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းဖြေဆိုချင်း မရှိခဲ့ပါဘူး။ မဆလခေတ် ၊ နဝတခေတ် ၊ နရဖခေတ်တွေမှာ ထောင်သုံးကြိမ်ကျခဲ့ပြီး ထောင်အတွင်းမှာ ၂၁ နှစ်ကျော် နေထိုင်ခဲ့ဖူးတဲ့ အင်းစိန်အောင်စိုးက “အခုအချိန်က အပြင်လောကမှာတောင် ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်တဲ့အတွက် ထောင်ဆိုတာကတော့ အဝေးကြီးပဲ၊ လုပ်ချင်ရာလုပ်မှာပဲ၊ ကိုယ်တို့အတွေ့အကြုံအရတော့ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်လို့ ကိုယ်က သတ်မှတ်တယ်”လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။