မြန်မာကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေအကြောင်း သိပြီးပြီလား

၂၃ ၊ ဇူလိုင်လ ၊ ၂၀၂၁။

တရုတ်နိုင်ငံကနေ မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲက ၇သိန်းခွဲကျော်ဟာ ဇူလိုင်လ ၂၂ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နောက်ရက်တွေမှာလည်း ဆက်တိုက်ထပ်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ တရုတ်ကာကွယ်ဆေး နှစ်မျိုးဖြစ်တဲ့ Sinopharm နဲ့ Sinovac ကို အလုံးရေ နှစ်သန်းစီမှာယူထားပြီး တရုတ်ကလည်း နောက်ထပ် ၂သန်းထပ်လှူပေးမှာဖြစ်လို့ စုစုပေါင်း ကာကွယ်ဆေး ၆သန်း ရရှိမှာ ဖြစ်ပါတယ်။

Sinopharm ကိုအရေးပေါ်အခြေအနေမှာ သုံးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့တဲ့ မေလကခွင့်ပြုခဲ့ပြီး

Sinovac ကိုတော့ ဇွန်လမှာ ခွင့်ပြုခဲ့တာပါ။ လက်ရှိမှာ အဲဒီကာကွယ်ဆေးတွေ အရေအတွက် သန်းရာချီ ကမ္ဘာ့နိုင်ငံပေါင်း ၈၀ကျော်ကို ရောက်ရှိနေပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ရာမှာ ကာကွယ်ဆေးနှစ်မျိုးစလုံးရဲ့ ထိရောက်မှုဟာ ၅၁ ရာခိုင်နှုန်းက ၈၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သုံးစွဲတဲ့ နိုင်ငံအလိုက် စစ်ဆေးမှုတွေ အရ သိရပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေရင်း

ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေတာ တွေ့ရပြီး အသေးစိတ် အခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မနေ့က မြန်မာနိုင်ငံကို ရောက်လာတဲ့ ကိုဗစ်ကာကွယ်ဆေးကတော့ Sinopharm ပါ။ Sinopharm ကာကွယ်ဆေးကို အသက် ၁၈နှစ်‌အထက်သာ ထိုးခွင့်ရှိပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ထိုးလို့ ရပါတယ်။ ၂ကြိမ်ထိုးရမှာပါ။

အမျိုးသားဒီမိုရေစီအစိုးရလက်ထက်မှာတော့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးကာကွယ်ဆေး ၂သန်း ဝယ်ယူခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေကို ပထမ ဦးစားပေးထိုးနှံပေးခဲ့ပါတယ်။ ရုရှားဆီကလည်း ကိုဗစ်ကာကွယ်ဆေး ၂သန်း မှာယူထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

Ref – AFP / WHO