စိုးရိမ်စရာမြင့်တက်လာတဲ့ ကလေးငယ်တွေအပေါ်လိင်အမြတ်ထုတ်မှုများ 

စိုးရိမ်စရာမြင့်တက်လာတဲ့ ကလေးငယ်တွေအပေါ်လိင်အမြတ်ထုတ်မှုများ 

 

၆ နိုဝင်ဘာ ၂၀၂၆

(Fact Check – DNA/ MFCN)

 

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်ကစလို့ အခုလက်ရှိချိန်ထိ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုလျော့နည်းလာတဲ့ တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တခုကတော့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု၊ လိမ်အမြတ်ထုတ်မှုနဲ့ သက်ငယ်မုဒိန်းကျူးလွန်မှုဖြစ်စဥ်တွေဟာ ပိုမိုများပြားလာတာကို အချက်အလက်တွေနဲ့ လေ့လာမှုတွေအရ တွေ့ရပါတယ်။ 

လူမှုစာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာတဲ့  ဖြစ်စဥ်တွေ၊သတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ စုံစမ်းထုတ်ပြန်ချက်တွေအရ ကလေးသူငယ်တွေရဲ့ လုံခြုံရေးဟာ အလွန်တရာစိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။

 

ဒါကြောင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်နေတဲ့ နည်းလမ်းတွေနဲ့ အခြေအနေတွေ၊ ခိုင်လုံစွာအတည်ပြုနိုင်ခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အထူးသတိထား ကာကွယ်ရမယ့်အချက်တွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကကနေ အချက်အလက်တွေစိစစ်ပြီး ဒီဆောင်းပါးမှာ ဖော်ပြပေးသွားပါမယ်။

 

 ဘာသာရေးနဲ့ အခြေခံပညာကျောင်းတွေအတွင်း ကျူးလွန်ခံရမှုတွေ

 

ကလေးသူငယ်တွေနဲ့နီးစပ်တဲ့ ကျောင်းနဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေမှာလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေခဲ့ပါတယ်။ 

 

ပဲခူးတိုင်း၊ ဘိုကလေးအလယ်တန်းကျောင်း (ခွဲ) မှာ ယာယီကျောင်းအုပ်ဖြစ်သူ သက်ဇော်အောင်ဆိုသူက အသက် ၇နှစ်ကနေ ၁၄နှစ်အရွယ် ကျောင်းသား ၄၈ဦးအထိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီး  ၂၀၂၅ ဇန်နဝါရီမှာဖော်ထုတ်ခံရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

https://burmese.dvb.no/post/689867 

 

ဒါ့အပြင် တောင်ငူမြို့နယ်က ဘုန်းကြီးကျောင်းတကျောင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မိခင်နဲ့အတူဆွမ်းလာကပ်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ဘုန်းကြီးဖြစ်သူကနေ အဓ္မပြုကျင့်တဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ  ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ဘုရားငုတ်တို ရှမ်းစုကျေးရွာ မှာရှိတဲ့ ငွေဟင်္သာ တောရကျောင်းမှာရှိတဲ့ အသက်၅၆နှစ်အရွယ်ရှိတဲ့ ဆရာတော်တပါးကလည်း အသက် ၁၄နှစ်အရွယ် ၅တန်း ကျောင်းသူကို အကြိမ်ကြိမ်အဓ္ဓပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

https://www.myotaw.com/news/local-news/monk-sexually-assaults-underage-girl/ 

 

အလားတူ ရခိုင်ပြည်နယ် ULA၊ AA ထိန်းချုပ်နယ်မြေတွေ ဖြစ်ကြတဲ့ မြောက်ဦးမှာလည်း ဘုန်းကြီးဖြစ်သူက အသက်၇နှစ်အရွယ်ကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့သလို  မောင်တော၊ ကျောက်တော်နဲ့ ပေါက်တော စတဲ့မြို့နယ်တွေမှာလည်း ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဖြစ်ပွားခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။

 

DMG သတင်းဌာနရဲ့ စုစည်းမှုအရ ၂၀၂၄ ဇွန်ကနေ ၂၀၂၆ ဧပြီအထိ အဆိုပါနယ်မြေတွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အနည်းဆုံး ၁၅ မှုထက်မနည်း ရှိခဲ့ပြီး ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။

https://www.facebook.com/share/p/1C9LpGGqjo/ 

 

ကလေးငယ်တွေကို မူးယစ်ဆေးတိုက်ပြီး အသိစိတ်မဲ့စေကာ အွန်လိုင်းကနေ စီးပွားဖြစ် ညစ်ညမ်းဗီဒီယို တွေ ရောင်းချတဲ့ဖြစ်စဥ်

 

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ ကိုမျိုးမင်းထွန်းဆိုဟာ သူ့အိမ်ကို  သူ့အိမ်ကို ကျောင်းပိတ်ရက် လာရောက်လည်ပတ်တဲ့ နီးစပ်သူ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကို အားဆေးနဲ့ အချိုရည်လို့ လိမ်ညာပြီး စိတ်ငြိမ်ဆေးတွေ၊ ဆန်အရက်တွေ ရောတိုက်ကာ အသိစိတ်မဲ့အောင် ပြုလုပ်ခဲ့ပါတယ်။ 

 

အဲ့ဒီနောက် ကလေးငယ်တွေကို လိင်တူဆက်ဆံခိုင်းတာ၊ ကိုယ်တိုင် လိင်တူဆက်ဆံတာတွေပြုလုပ်ပြီး ဗီဒီယိုရိုက်ကူးကာ Telegram ချန်နယ်ကနေ အဖွဲ့ဝင်ကြေးကောက်ပြီး စီးပွားဖြစ် ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

 

ဒီဖြစ်စဉ်မှာ တရားခံကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံသတင်းစာနဲ့ BBC Burmese အပါအဝင် သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

https://www.bbc.com/burmese/live/c70gr1l9y9dt 

 

လူမှုမီဒီယာတွေမှာ လက်ရှိပျံ့နှံ့နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်

 

ဘုန်းကြီးတပါး က  အသက် ၁၀နှစ်အောက် မိန်းကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေတဲ့ tik tok ရုပ်သံတခု ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ ထွက်ပေါ်ခဲ့ပြီး၊ မူရင်းရုပ်သံကို ဖျက်ချသွားခဲ့တာကြောင့်  ဘယ်နေရာ ဘယ်အချိန် ဘယ်ကာလမှာ ဖြစ်ပွားခဲ့တယ်ဆိုတာကို  DNA သတင်းဌာနက လက်ရှိအချိန်ထိ သီးခြားအပြည့်အဝအတည်မပြုနိုင်သေးပါဘူး။

https://archive.ph/wip/TwJC8 

 

ပဋိပက္ခဒေသတွေနဲ့ အကူအညီမဲ့နေတဲ့ ကလေးသူငယ်စာရင်းဇယား

 

Equality Myanmar ရဲ့ ၂၀၂၁ဖေဖော်ဝါရီကနေ ၂၀၂၅ဒီဇင်ဘာအထိ အစီရင်ခံစာအရ ပဋိပက္ခဆက်စပ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ဖြစ်စဥ် ၂၁၇မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူတွေရဲ့ ၉၁ရာခိုင်နှုန်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဖြစ်ပြီး ကလေးသူငယ်တွေလည်း အနည်းဆုံး လေးပုံတပုံ ခန့်ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

https://progressivevoicemyanmar.org/2026/06/19/analysis-of-conflict-related-sexual-violence-in-myanmar-in-the-aftermath-of-the-2021-coup-detat  

 

ပဋိပက္ခဆက်စပ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စောင့်ကြည့်ပြီး နေတဲ့ Insecurity Insight  ကနေ ပြီးခဲ့တဲ့ ၂၀၂၆ ဇွန် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခဆက်စပ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအနည်းဆုံး ၇၃မှုမှတ်တမ်းဝင်ခဲ့ပြီး မြန်မာစစ်တပ်နဲ့ ဆက်စပ်သူတွေရဲ့ ကျူးလွန်မှုဟာ ၆၆ရာခိုင်နှုန်းအထိရှိနေတယ်လို့ ဖော်ပြထားပါတယ်။

 

Insecurity Insight (၂၀၂၆ ဇွန်) ထုတ်ပြန်ချက်- https://reliefweb.int/report/world/reporting-sexual-violence-and-abuse-conflict-june-2026 

 

UNICEF Myanmar ကလည်း မြန်မာနိုင်ငံအတွင်းမှာပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ သေဆုံး၊ ဒဏ်ရာရတာ၊ အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းတွေအပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ပစ်မှတ်ထားခံရတာကြောင့် အကာအကွယ်မဲ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း ထောက်ပြထားပါတယ်။

UNICEF Myanmar ရဲ့ထုတ်ပြန်ချက် – https://www.unicef.org/myanmar/child-protection 

 

ဘာကြောင့် သက်ငယ်မုဒိန်းနဲ့ လိင်အမြတ်ထုတ်မှုတွေ ပိုများလာရတာလဲ

 

အချက်အလက်တွေကို စစ်ဆေးလေ့လာကြည့်တဲ့အခါ ယခုလို ကလေးသူငယ်တွေအပေါ် လိင်အမြတ်ထုတ်မှုတွေ များပြားလာရခြင်းရဲ့ နောက်ကွယ်မှာ အဓိက အကြောင်းရင်း ၅ ချက် ရှိနေတာကို တွေ့ရပါတယ်။

 

တရားဥပဒေစိုးမိုးမှုနဲ့ အုပ်ချုပ်ရေး ပြိုကွဲခြင်း

 ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ တရားဥပဒေစိုးမိုးရေး ယန္တရားတွေ လစ်ဟာသွားပြီးပြစ်မှုကျူးလွန်သူတွေ ထိရောက်စွာ အရေးမယူမခံရတဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရရှိနေတာကြောင့် ဖြစ်ပါတယ်။

 

 

စစ်ဘေးရှောင်မှုနဲ့ကလေးသူငယ် အကာအကွယ်မဲ့ခြင်း

 

ပဋိပက္ခဖြစ်စဉ်တွေကြောင့် စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေဟာ ဒုက္ခသည်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ယာယီစခန်းတွေမှာ ကလေးသူငယ်တွေ စုဝေးနေထိုင်နေကြရသလို မိသားစုကျောထောက်နောက်ခံ အားနည်းမှုတွေကြောင့် ကလေးတွေကိုအခြားရင်းနီးသူတွေဆီ စိတ်ချလက်ချအပ်နှံထားရာကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု  အန္တရာယ် ကြုံတွေ့နေရတာဖြစ်ပါတယ်။

 

ယုံကြည်ရသူတွေက အခွင့်ကောင်းယူခြင်း 

 

ကျူးလွန်သူအများစုဟာ ကျောင်းဆရာ၊ ဘုန်းကြီး၊ အိမ်နီးနားချင်း စတဲ့ ကလေးသူငယ်တွေရော မိဘတွေကပါ  ယုံကြည်ရသူတွေဖြစ်နေတတ်ပြီး၊ ကလေးတွေရဲ့ မပြောရဲတဲ့ ကြောက်ရွံ့မှုတွေကို သုံးပြီး လျှို့ဝှက်ကျူးလွန်ကြတာမျိုးဖြစ်ပါတယ်။

 

နည်းပညာကို လွဲမှားစွာသုံးပြီး ငွေကြေးအမြတ်ထုတ်ခြင်း 

တယ်လီဂရန်စတဲ့ ပလက်ဖောင်းတွေကတဆင့် ချဉ်းကပ်ပြီး ကလေးငယ်တွေကို မူးယစ်စေတဲ့အရာတွေတိုက်ကျွေး လိင်အမြတ်ထုတ်ကာ  ညစ်ညမ်းဗီဒီယိုတွေကို အွန်လိုင်းပလက်ဖောင်းတွေကနေ စီးပွားဖြစ်ရောင်းချတဲ့ ကွန်ရက်တွေလည်း ပေါ်ပေါက်နေတာတွေ့ရပါတယ်။ 

သတင်းအချက်အလက် ပိုမိုးစီးဆင်းလာခြင်း 

လူမှုမီဒီယာတွေကြောင့် အရင်က ဖုံးကွယ်ခံထားရတဲ့ဖြစ်စဥ်တွေ ပိုမိုပေါ်ထွက်ပေါ်လာသလို၊ ပညာရှင်တွေရဲ့ အစီရင်ခံစာတွေရဲ့ အမှတ်တကယ်ကျူးလွန်မှုပမာဏဟာလည်း မြင့်တက်နေတာဖြစ်ပါတယ်။

 

မိဘနဲ့ အုပ်ထိန်းသူတွေ သတိထားသင့်တဲ့ အချက်များ

 

ကလေးတွေကို ဘယ်လောက်ပဲ ရင်းနှီးတဲ့ ကျောင်းဆရာ၊ ဘုန်းကြီး ဒါမှမဟုတ် ဆွေမျိုးအိမ်တွေအပြင်  မိဘရဲ့ ကြီးကြပ်မှုမရှိဘဲ တဦးတည်း အိမ်အလည်ဖြစ်စေ၊ ကျောင်းအလည်ဖြစ်စေ သွားလာတာမျိုးကို ခွင့်မပြုသင့်ပါဘူး။

 

ဘုန်းကြီးကျောင်းတွေ၊ ကလေးတွေရဲ့ကျောင်းဆရာ အိမ်တွေ၊ ရပ်ကွက်ပွဲလမ်းသဘင်တွေနဲ့ အခမ်းအနားတွေမှာဆိုရင်လည်း ကလေးကို လူမြင်ကွင်းပြင်ပကနေ တဦးတည်း ဖြစ်နေအောင် လုံးဝမထားဖို့ လိုအပ်ပါတယ်။

 

ဒါ့အပြင် ကလေးရဲ့ ခန္ဓာကိုယ်မှာ ဘယ်သူမှ လာမထိရမဲ့ ကိုယ်ပိုင်နေရာတွေ ရှိတယ်ဆိုတဲ့ သဘောတရားကို ကလေးငယ်တွေ နားလည်လွယ်မဲ့ သက်သောင့်သက်သာဖြစ်တဲ့ ဘာသာစကားမျိုးနဲ့ ငယ်ငယ်ကတည်းက ကြိုတင်သင်ကြားပေးထားရပါမယ်။ 

 

အလားတူ ကလေးတွေရဲ့ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းသုံးစွဲမှုတွေကိုလည်း အမြဲမပြတ် စောင့်ကြည့်ပြီးကြီးကြပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။

 

တကယ်လို့ တစုံတရာ ဖြစ်ပွားလာခဲ့ပြီဆိုရင်တော့ အောက်ပါအတိုင်း ကိုင်တွယ်ဖြေရှင်းပေးရပါမယ်။

 

ကလေးကို ခြွင်းချက်မရှိ ယုံကြည်ပါ

 

ကလေးတွေအနေနဲ့ အကြမ်းဖက်ခံရတယ်လို့ ဖွင့်ဟပြောပြလာတယ်အခါ တားမြစ်တာမျိုးမပြုလုပ်သင့်သလို ကလေးကို အပြစ်မတင်ဘဲ စိတ်အေးချမ်းစွာနဲ့ သေချာနားထောင်ပေးဖို့လိုအပ်ပါတယ်။

 

နွေးထွေးမှုပေးပါ

မိဘတွေအနေနဲ့ အလျင်စလို ဒေါသတွေ ထွက်မနေဘဲ စိတ်ကို တည်ငြိမ်အောင်ထားကာ ကလေးအနားမှာ အချိန်ပြည့်နီးပါး ရှိနေဖို့လိုပါတယ်။

 

တရားဥပဒေနဲ့ လူမှုရေးအကူအညီ ယူပါ 

သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို ချက်ချင်း တိုင်ကြားသင့်သလို ကလေးရဲ့ စိတ်ဒဏ်ရာအတွက် ပရဟိတနဲ့ လူမှုရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကိုပါ သေချာလုပ်ဆောင်ပေးဖို့ လိုပါတယ်။

 

သုံးသပ်ချက်

ကလေးငယ်တွေအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပြသနာဟာ တဦးချင်းဆီရဲ့ ရာဇဝတ်မှုသက်သက်မဟုတ်သလို တရားဥပဒေစိုးမိုးမှုလျော့နည်းလာတာ၊ ပဋိပက္ခတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ကာကွယ်ရေးယန္တရားပြိုကွဲလာရတဲ့ ဆိုးကျိုးရလဒ်တခုဖြစ်ပါတယ်။

 

ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (CRC)နဲ့ မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးဥပဒေတွေအရ ကလေးငယ်တိုင်းဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကနေ ကာကွယ်ခံပိုင်ခွင် အပြည့်အဝရှိကြပါတယ်။

https://www.unicef.org/myanmar/media/3151/file/Investing%20in%20Children%20in%20Myanmar%20-%20Myanmar%20Version.pdf 

 

ဒါကြောင့် အုပ်ထိန်းသူမိဘတွေအနေနဲ့ ဘယ်လောက်ပဲယုံကြည်ရသူဖြစ်ပါစေ အမြဲတမ်းသတိဝီရိယရှိရှိနဲ့ ကြီးကြပ်ပေးဖို့နဲ့ ကလေးတွေရဲ့စကားကို အမြဲနားထောင်ဖို့ အထူးပဲ လိုအပ်နေပါတယ်။

 

ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်