ငါးနှစ်ကျော်အတွင်း ပဲခူး၊ရန်ကုန်၊ဧရာဝတီမှာ အရပ်သားနေအိမ် နှစ်ထောင့်လေးရာနီးပါး မီးရှို့ဖျက်ဆီးခံရ

“လူတယောက်ကို နည်းနည်း သံသယ ရှိရင် အဲဒီရွာကို မီးရှို့တယ်။ စစ်တပ်က ခေတ်အဆက်ဆက်လုပ်နေကျပါ ဒီဟာတွေက။ အခုလည်း ချင်းကုန်းဘက်က ရွာတွေ စိုးရိမ်ရတယ်”

၂၆၊ နိုဝင်ဘာ။

၂၀၂၁ မေလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မေလ ၃၁ အတွင်း ကောက်ယူထားတဲ့ စာရင်းတွေအရ  ပဲခူးတိုင်း  ၂၃၅၇ လုံးကျော် ၊ ဧရာဝတီတိုင်းမှာ အိမ်အလုံး ၂၀ နဲ့ ရန်ကုန်တိုင်းမှာ ၁ လုံး စသဖြင့် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့လို့ အရပ်သားလူနေအိမ်တွေ မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ရတယ်လို့  Data for Myanmar က စာရင်းကောက်ယူပြုစုပြီး အချက်အလက်တွေ ထုတ်ပြန်လာပါတယ်။

၂၀၂၆ ခု မတ်လ ၆ ရက်နေ့မှာ ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ခမရ ၁၀ တပ်ရင်းမှ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၇ ရက်နေ့က မနက်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ထပ်မံစစ်ကြောင်းထိုးလာကာ သဲမဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်အတွင်း နေအိမ် ၄၆ လုံး မီးလောင်ပျက်စီးနိုင်တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မေလ ၁၁ ရက်နေ့မှာ ပေါင်းတည်မြို့နယ် ပေါက်တောရွာအခြေစိုက် ခမရ ၁၀ က အင်အား ၆၀ ပါ စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သဲမဲကျေးရွာနဲ့ ဖောင်းအိုင်ကျေးရွာအကြား မိုင်းဆွဲ တိုက်ခိုက် ခဲ့ကာ အဲဒီစစ်ကြောင်းက သဲမဲကျေးရွာရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့မှာလည်း ပဲခူးရိုးမအစပ်က ဖလံပင်ရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ အကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဖလံပင်(ရွာသစ်)ကျေးရွာက နေအိမ် ၁၄၅ လုံးနဲ့ ရှားစေဘို(အောက်စု)ရွာက နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ဆိုပါတယ်။

ဧပြီလအတွင်းမှာလည်း နတ်တလင်းမြို့နယ်ထဲက နေအိမ် ၁၂၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါ တယ်။ ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။

ဧရာ၀တီတိုင်းအတွင်းမှာ ရေကြည်၊ လေးမျက်နှာမြို့နယ်တို့အတွင်းက လူနေကျေးရွာအချို့ဟာ စစ်တပ်ရဲ့ မီးရှို့ တာကို ခံခဲ့ကြရပြီး ရွာသားတွေလည်း သတ်ဖြတ်ခံခဲ့ကြရတာရှိပါတယ်။

“လူတယောက်ကို နည်းနည်း သံသယ ရှိရင် အဲဒီရွာကို မီးရှို့တယ်။ စစ်တပ်က ခေတ်အဆက်ဆက်လုပ်နေကျပါ ဒီဟာတွေက။ အခုလည်း ချင်းကုန်းဘက်က ရွာတွေ စိုးရိမ်ရတယ်” လို့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။

လက်နက်ကိုင် အဖွဲ့တွေအားလုံး အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ အမြန်ဆုံးရပ်တန့်ရမှာဖြစ်ပြီး အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ် နိုင်ဆုံး လိုက်နာသင့်တယ်လို့ Data for Myanmar က အကြံပြုပါတယ်။