တရုတ်နဲ့ စင်ကာပူ အပါအဝင် ကုန်သွယ်ဖက် ၁၄ နိုင်ငံအပေါ် သွင်းကုန်ခွန်အသစ်တွေ ကောက်မယ်လို့ ထရမ့် ကြေညာ

တရုတ်နိုင်ငံဟာ ပြည်တွင်းစက်မှုလုပ်ငန်းတွေကို အစိုးရက ထောက်ပံ့ကြေးတွေပေးပြီး သံမဏိကနေ လျှပ်စစ်ကားနဲ့ ဆိုလာပစ္စည်းတွေအထိ ဈေးပေါပေါနဲ့ ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ထဲ အလုံးအရင်းနဲ့ တင်ပို့နေတယ်လို့ဝါရှင်တန်က ကာလရှည်ကြာ စွပ်စွဲထားပါတယ်။

 

၂၆၊ နိုဝင်ဘာ။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပေမဲ့ ပြည်တွင်းစီးပွားရေး ကာကွယ်ရေးဝါဒကို မလျှော့ချဘဲ နိုဝင်ဘာ ၂၅ ရက်မှာ တရုတ်၊ ဂျပန်၊ ဥရောပသမဂ္ဂနဲ့ စင်ကာပူ အပါအဝင် အဓိကကုန်သွယ်ဖက် ၁၄ နိုင်ငံအပေါ်သွင်းကုန်ခွန်အသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။

 

ထရမ့်အစိုးရက သွင်းကုန်ခွန်နှုန်းထားအသစ်တွေကို ၂၀ ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းအထိ အဆိုပြုထားပေမဲ့ လက်ရှိသဘောတူညီပြီးသား ဒါမှမဟုတ်ဆွေးနွေးနေဆဲ ကုန်သွယ်ရေးသဘောတူညီချက်တွေအရ သတ်မှတ်ထားတဲ့ ပိုနိမ့်တဲ့အမြင့်ဆုံးနှုန်းထားတွေအတိုင်းပဲ ကန့်သတ်ကောက်ခံသွားမယ်လို့ပြောပါတယ်။

 

စက်မှုကုန်ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေမှုအပေါ် စုံစမ်းစစ်ဆေးတဲ့ သွင်းကုန်ခွန်ဆိုင်ရာ ပုဒ်မ ၃၀၁ အရ တရုတ်နိုင်ငံဟာ အမြင့်ဆုံးကန့်သတ်နှုန်းဖြစ်တဲ့ ၂၀ရာခိုင်နှုန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါ နှုန်းထားကို ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ကောက်ခံထားတဲ့ ၂၅ ရာခိုင်နှုန်းခန့် အခွန်တွေအပေါ် ထပ်ဆောင်းကောက်ခံသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ နှုန်းထားဟာ လာမယ့် ဇန်နဝါရီ ၁၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲရပ်စဲမှု သဘောတူညီချက်နဲ့ကိုက်ညီမှုရှိပါတယ်။ ဒါပေမဲ့ သဘောတူညီချက် ပျက်ပြယ်သွားရင်တော့တရုတ်အပေါ် ကောက်ခံမယ့် အခွန်နှုန်းထားဟာ ၄၀ ရာခိုင်နှုန်းအထိ တက်သွားလိမ့်မယ်လို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) ကပြောပါတယ်။

 

ဗီယက်နမ်နိုင်ငံအနေနဲ့ ဝါရှင်တန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရရှိခဲ့ရင်အမြင့်ဆုံးကန့်သတ်ခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး ဆွေးနွေးပွဲတွေ ပျက်ပြယ်ခဲ့ရင်တော့ ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခံရမှာ ဖြစ်ပါတယ်။

 

ဇန်နဝါရီ ၂၅ ရက် လူထုကြားနာပွဲအပြီးမှ စတင်အသက်ဝင်မယ့် အခုသွင်းကုန်ခွန်တွေဟာ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုအခြေခံကို ထိခိုက်စေတဲ့”ကုန်ထုတ်လုပ်မှုကဏ္ဍကို ဦးတည်ထားတဲ့ စက်မှုမဟာဗျူဟာတွေ၊ လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေး ဖိနှိပ်မှုတွေ၊ ငွေကြေးနဲ့ တခြားပံ့ပိုးမှုတွေ၊ဈေးကွက်စီးပွားရေးစနစ် မဟုတ်တဲ့ သွင်းအားစုတွေနဲ့ ဈေးကွက်ကိုကမောက်ကမဖြစ်စေတဲ့ တခြားလုပ်ရပ်တွေ” ကို တန်ပြန်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန် ဂရီးယားကပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ပြည်တွင်းစက်မှုလုပ်ငန်းတွေကို အစိုးရက ထောက်ပံ့ကြေးတွေပေးပြီး သံမဏိကနေ လျှပ်စစ်ကားနဲ့ ဆိုလာပစ္စည်းတွေအထိ ဈေးပေါပေါနဲ့ ထုတ်လုပ်ကာ ကမ္ဘာ့ဈေးကွက်ထဲ အလုံးအရင်းနဲ့ တင်ပို့နေတယ်လို့ဝါရှင်တန်က ကာလရှည်ကြာ စွပ်စွဲထားပါတယ်။

 

ဘေကျင်းဘက်ကတော့ ကုန်သွယ်ရေးစစ်ပွဲတွေကို ကန့်ကွက်ကြောင်းထပ်လောင်းပြောကြားခဲ့ပြီး ကုန်ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ပယ်ချခဲ့ပေမဲ့ လက်တုံ့ပြန်မယ်လို့တော့ ခြိမ်းခြောက်ပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။

 

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲမှုဟာ ဇန်နဝါရီ ၁၀ ရက်အထိသက်တမ်းရှိပေမဲ့ ၂၀၂၅ ခုနှစ်တုန်းကလို အပြန်အလှန် အခွန်တိုးမြှင့်မှုတွေပြန်လည်ပြင်းထန်လာရင် နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် လာမယ့်လ မိုင်ယာမီမှာကျင်းပမယ့်G20 ထိပ်သီးအစည်းအဝေးမှာ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ထပ်မံတွေ့ဆုံတဲ့အခါအဆိုပါ သဘောတူညီချက်ကို သက်တမ်းတိုးနိုင်ခြေရှိတယ်လို့ အများစုကမျှော်လင့်ထားကြပါတယ်။

 

USTR ရဲ့ စုံစမ်းစစ်ဆေးမှုဟာ အရင်က အမေရိကန်ချမှတ်ထားတဲ့ သွင်းကုန်ခွန်တွေကို ရှောင်လွှဲပြီး အမေရိကန်ဈေးကွက်အတွက် ကုန်ပစ္စည်းတွေထုတ်လုပ်တင်ပို့ဖို့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယား အပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံနေမှုတွေကိုလည်း တစိတ်တပိုင်း ဦးတည်ထားတာ ဖြစ်ပါတယ်။

 

ကိုးကား – Reuters