
မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံမှာ အသက်၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်သေဆုံးမှုရဲ့ ၆၅ ရာခိုင်နှုန်းဟာစစ်ပွဲကြောင့် ဖြစ်ပါတယ်။
၂၅၊ နိုဝင်ဘာ။
၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ချိန်ကစပြီး ရုရှားစစ်သည်အနည်းဆုံး ၄၉၀,၃၃၄ ဦး သေဆုံးခဲ့ကြောင်း ဘီဘီသတင်းဌာနကဆန်းစစ်လေ့လာခဲ့တဲ့ ရုရှားအစိုးရ စာရင်းအင်းအချက်အလက်တွေအရ သိရပါတယ်။
ပေါက်ကြားလာတဲ့ ရုရှားစာရင်းအင်းအေဂျင်စီ (Rosstat) ရဲ့အချက်အလက်တွေအရ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုဟာ ရုရှားနိုင်ငံရဲ့ သေဆုံးမှုပုံစံတွေကို အခြေခံကစပြီး ပြောင်းလဲသွားစေခဲ့သလို သမ္မတ ဗလာဒီမာ ပူတင်က ရက်ပိုင်းသာ ကြာမယ်လို့ယူဆခဲ့ပေမဲ့ အခုဆို ငါးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်းလူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတာကို ပြသနေပါတယ်။
ဘယ်လာရုစ် ဟက်ကာအဖွဲ့ Cyber Partisans BY နဲ့ ယူကရိန်းရဲ့ Silent Crow အဖွဲ့တို့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု အပြီးမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ သေဆုံးမှုမှတ်တမ်းပေါင်း ၁၁ သန်းကျော်ကို BBC Russian အနေနဲ့ ရရှိကြည့်ရှုခွင့် ရခဲ့တာပါ။
ရုရှားစာရင်းအင်းအေဂျင်စီကတော့ ဆိုက်ဘာတိုက်ခိုက်ခံရတာကိုဝန်ခံခဲ့ပေမဲ့ လျှို့ဝှက်ကာကွယ်ထားတဲ့ အချက်အလက်တွေ ပေါက်ကြားသွားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
BBC Russian ဟာ လွတ်လပ်တဲ့ ရုရှားသတင်းဌာန Mediazona နဲ့ပူးပေါင်းပြီး ကျူးကျော်စစ် စတင်ချိန်ကတည်းက အများပြည်သူသိရှိနိုင်တဲ့ ရင်းမြစ်တွေကနေ စုဆောင်းထားတဲ့ အတည်ပြုပြီး စစ်သည်သေဆုံးမှုစာရင်းနဲ့ Rosstat အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ မှတ်တမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ ကိုက်ညီနေတာကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံမှာ အသက်၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ်သေဆုံးမှုရဲ့ ၆၅ ရာခိုင်နှုန်းဟာစစ်ပွဲကြောင့် ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်ကြားမှာတော့ ၅၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အသက် ၄၅ နှစ်ကနေ ၅၄ နှစ်ကြား အရွယ်တွေမှာသာ နှလုံးသွေးကြောဆိုင်ရာရောဂါကြောင့် သေဆုံးမှုက စစ်ပွဲကြောင့် သေဆုံးမှုထက် ပိုများနေတာ ဖြစ်ပါတယ်။
အဆိုပါ အချက်အလက်တွေက ယူကရိန်းရဲ့ သီးခြားဒေသတွေမှာဆုံးရှုံးခဲ့ရတဲ့ ပမာဏကိုလည်း ဖော်ပြနေပါတယ်။ စစ်မဖြစ်ခင်ကစုစုပေါင်း လူဦးရေ ၁၂,၀၀၀ သာ ရှိခဲ့တဲ့ ယူကရိန်းကျေးရွာ ၁၀ ရွာကိုထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်ရာမှာ ရုရှားစစ်သည် ၂၀,၀၀၀ လောက်သေဆုံးခဲ့ပါတယ်။
ဒိုးနက်စ်ဒေသ ဘာ့ခ်မွတ်မြို့တောင်ဘက်က အန်ဒရီယိဗ်ကာလို့ခေါ်တဲ့ရွာငယ်လေးတရွာကို သိမ်းပိုက်ဖို့ တိုက်ပွဲအတွင်းမှာ ရုရှားစစ်သည်၁,၁၂၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ စစ်မဖြစ်ခင်က အဲဒီရွာမှာလူဦးရေ ၇၄ ဦးပဲ နေထိုင်ခဲ့တာပါ။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ စစ်ပွဲစတင်ချိန်ကတည်းက ရုရှားဟာ စစ်ရေးဆုံးရှုံးမှု ကိန်းဂဏန်းတွေကို အများပြည်သူသိအောင် ထုတ်ပြန်တာ မရှိပါဘူး။ ဒါ့အပြင် စစ်သည်သေဆုံးမှု ပမာဏကို ခန့်မှန်းရာမှာ အသုံးပြုလေ့ရှိတဲ့ ပြင်ပအကြောင်းရင်းတွေကြောင့် သေဆုံးမှုစာရင်းကိုလည်းRosstat က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ထုတ်ပြန်တာ ရပ်ဆိုင်းထားခဲ့ပါတယ်။
Rosstat အချက်အလက်စာရင်းထဲမှာ နာမည်တွေ မပါဝင်ပေမဲ့အသက်အရွယ်၊ နေရပ်လိပ်စာ၊ သေဆုံးတဲ့နေရာနဲ့ သေဆုံးရတဲ့အခြေအနေတွေတော့ ပါဝင်ပါတယ်။
ဘီဘီစီအနေနဲ့ အဆိုပါ မှတ်တမ်းတွေကို ပထမဆုံး တည်နေရာအလိုက် စစ်ထုတ်ခဲ့ပြီး ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းစစ်တပ် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုရှားနယ်စပ်ဒေသတွေက သေဆုံးမှုတွေကိုပဲ ချန်ထားခဲ့ပါတယ်။
အဲဒီနောက် စစ်ဆင်ရေးကာလအတွင်း ပေါက်ကွဲမှု ဒါမှမဟုတ် ဗုံးဆန်ထိမှန်မှုလိုမျိုး စစ်ရေးနဲ့ဆက်နွှယ်တဲ့ သေဆုံးမှုအကြောင်းရင်းကိုအတိအလင်း ဖော်ပြထားတဲ့ မှတ်တမ်းပေါင်း ၄၂၅,၁၇၄ ခုကို ခွဲခြားဖော်ထုတ်ခဲ့ပါတယ်။
နောက်ထပ် မှတ်တမ်းပေါင်း ၁၄,၀၉၃ ခုကိုတော့ အလုပ်အကိုင်အချက်အလက်ကို ကြည့်ပြီး စိစစ်ဖော်ထုတ်ခဲ့တာဖြစ်သလို ၅၁,၀၆၇ဦးကတော့ တရားရုံးဆုံးဖြတ်ချက်အရ သေဆုံးသူအဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
စစ်မြေပြင်မှာ စစ်သည်တဦး ခြောက်လကျော် ပျောက်ဆုံးနေပြီး ရုပ်အလောင်း ပြန်ရှာမတွေ့တဲ့အခါမျိုးမှာ အခုလို တရားရုံးဆုံးဖြတ်ချက်နဲ့ သေဆုံးစာရင်းသွင်းလေ့ ရှိပါတယ်။
ပေါက်ကြားလာတဲ့ ရုရှားစာရင်းအင်းတွေဟာ အပြည့်အစုံ မဟုတ်နိုင်ပေမဲ့ BBC Russian ရဲ့ ကိုယ်ပိုင်စုံစမ်းဖော်ထုတ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်အရေးပါတဲ့ အချက်အလက်တွေ ဖြစ်လာပါတယ်။
အများပြည်သူသိရှိနိုင်တဲ့ ရင်းမြစ်တွေကနေ ဘီဘီစီ ကောက်ယူထားတဲ့ သေဆုံးသူ ၂၉၀,၀၁၂ ဦးဆိုတဲ့ ကိန်းဂဏန်းဟာ တကယ့်သေဆုံးမှုစုစုပေါင်းရဲ့ ၄၅ ကနေ ၅၅ ရာခိုင်နှုန်းလောက်သာ ရှိနိုင်ပြီး တကယ့်သေဆုံးသူအရေအတွက်ဟာ ၅၂၇,၂၉၅ ဦးကနေ ၆၄၄,၄၇၁ ဦးကြားရှိနိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
၁၉၈၉ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ ဆိုဗီယက်-အာဖဂန်စစ်ပွဲနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လေးနှစ်နဲ့ ၁၀ လ ကြာမြင့်လာပြီဖြစ်တဲ့ အခုစစ်ပွဲအတွင်း သေဆုံးမှုကိန်းဂဏန်းတွေဟာ ရုရှားအတွက် အလွန်မြင့်မားတဲ့ ပမာဏ ဖြစ်ပါတယ်။
ယူကရိန်းဘက်က ဆုံးရှုံးမှုအရေအတွက်ကိုတော့ သမ္မတ ဇလန်းစကီးက ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ လူပေါင်း ၅၀,၀၀၀ လောက် ရှိတယ်လို့ နောက်ဆုံးပြောထားပေမဲ့ အများပြည်သူသိရှိနိုင်တဲ့ ရင်းမြစ်တွေအပေါ် အခြေခံထားတဲ့ အမည်မဖော်လိုသူတွေရဲ့ UA Losses ဝက်ဘ်ဆိုက်စာရင်းမှာတော့ သေဆုံးသူ ၁၁၅,၉၅၂ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကိုးကား – BBC