
“အခု အရင်လို ပြန်ဖွင့်နိုင်တယ်ဆိုလည်း အရင်လောက် စျေးကွက်အခြေအနေ ကောင်းမလာသေးဘူး။ ဒါကလည်း ဒီနောက်ပိုင်း တင်သွင်းမှု အပိုင်း ချုပ်ကိုင်ခံထားရတာကြောင့်လည်း ပါတယ် ”
၂၄၊နိုဝင်ဘာ
ရန်ကုန်မြို့ကနေ တနိုင်ငံလုံးကို နိုင်ငံခြားဆေးဝါး တင်သွင်းဖြန့်ဖြူးတဲ့ မင်္ဂလာစျေးကို ပြန်ဖွင့်နိုင်ခဲ့ပေမယ့် တင်သွင်းမှု ကန့်သတ်ချက်တွေကြောင့် တချို့ဆေးဝါးတွေ စျေးကွက်မှာ ပြတ်လပ်မှု ရှိနေပါတယ်။
ပြည်တွင်းစျေးကွက်မှာ လိုအပ်ချက်ရှိနေတဲ့ ကင်ဆာကုသရေး ဆေးဝါးနဲ့ အရေးပေါ် ဆေးအမျိုးအစားတွေကို တင်သွင်းဖို့ ကန့်သတ်ထားတာ ရှိနေခဲ့လို့ ဆေးကုန်သည်တွေ အလုံးအရင်းနဲ့ ပြန်လည်ပတ်လာခဲ့ပေမယ့် အခြေအနေ ထင်သလောက် မတိုးတက်လာခဲ့ဘူးလို့ ဆိုပါတယ်။
“ဆိပ်ကမ်းမှာတင် ထုတ်မရတဲ့ ဆေးဝါးကုန်သေတ္တာ ဆယ်ဂဏန်းလောက် ဆိုလည်း ဒီနှစ် အစပိုင်းကတည်းက ထုတ်ခွင့်မရတာ ရှိခဲ့တယ်။ မနှစ်ကစပြီး ဆေးဝါးတင်သွင်းမှု အခက်တွေ့နေကြရတာ ” လို့ နိုင်ငံခြားဆေးဝါး၊ ဝယ်ယူဖြန့်ဖြူးနေတဲ့ မင်္ဂလာစျေးမှ ဆေးဆိုင်ခန်း ဖွင့်ထားသူ တဦးက ပြောပါတယ်။
မင်္ဂလာစျေး မီးလောင်ပြီးနောက်မှာ ဆေးဝါးရောင်းချ ဖြန့်ဖြူးသူတချို့ လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး တချို့က ယာယီစျေး သတ်မှတ်ထားတဲ့ နေရာမှာ အဆင်ပြေသလို ဆက်ဖွင့်ခဲ့ကြပေမယ့် တစုတနေရာထဲ ဖွင့်တဲ့ မင်္ဂလာစျေးလို အခြေအနေ မဟုတ်လို့ ဆေးဝါးဖြန့်ဖြူးရေးပိုင်းမှာ ဆယ်စုနှစ်ကြာ အဆင်မပြေမှုတွေ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
“အခု အရင်လို ပြန်ဖွင့်နိုင်တယ်ဆိုလည်း အရင်လောက် စျေးကွက်အခြေအနေ ကောင်းမလာသေးဘူး။ ဒါကလည်း ဒီနောက်ပိုင်း တင်သွင်းမှု အပိုင်း ချုပ်ကိုင်ခံထားရတာကြောင့်လည်း ပါတယ် ” လို့ ဆေးဝါးရောင်း၊ဝယ်ရေးပိုင်း တာဝန်ယူထားသူ တဦးက ပြောပါတယ်။
စစ်အစိုးရက နိုင်ငံခြားငွေ သုံးစွဲလျော့နည်းအောင်ဆိုပြီး ပြည်ပသွင်းကုန်တွေ နဲ့ ပတ်သက်လို့ ကန့်သတ်၊ ထိန်းချုပ်တဲ့ လုပ်ရပ်တွေ ရှိခဲ့တဲ့အထဲမှာ နိုင်ငံခြားဆေးဝါး တင်သွင်းမှု အပိုင်းလည်း ပါဝင်ခဲ့ကာ ဆေးအမျိုးအစားတချို့ တင်သွင်းဖို့ အခက်ကြုံခဲ့ရသလို ကန့်သတ်ချက်ကြောင့် ပြည်တွင်းရောင်းစျေး မြင့်တက်မှု ဆက်တိုက်ရှိခဲ့တာ ဖြစ်ပါတယ်။