
“အခုနှစ်လည်း ကမ်းတွေ ပြိုနေပြီလေ။ တဖြည်းဖြည်းနဲ့ မသိမသာပြိုတာ။ ဆောင်းတွင်းဆို နှစ်တိုင်းကမ်းပြိုတယ်။ နစ်နာတာက ပြည်သူတွေပဲ၊ အိမ်တွေပါ၊ လယ်တွေပါ၊ နောက်ဆုံး နေစရာပါ ပျောက်သွားကြတာ”
၂၄၊ နိုဝင်ဘာ။
ဧရာ၀တီတိုင်း အင်္ဂပူ၊ ဟင်္သာတ၊ ဇလွန်စတဲ့ မြို့နယ်တွေအတွင်းရှိ ဧရာ၀တီ မြစ်ကြောင်းတလျှောက်မှာ သဲ၊ ကျောက်တွေ စည်းကမ်းမဲ့ အလွန်အကျွံ ထုတ်ယူနေတာတွေ ရှိနေပြီး နေ့စဉ် စက်လှေအစီး လေးဆယ်ဝန်းကျင် ရှိနေပါတယ်။
ဇလွန်မြို့နယ် ရွှေဟင်္သာကျွန်းဝန်းကျင်မှာ စက်လှေအများဆုံး တွေ့ရပြီး နေ့စဉ်အစီး သုံးဆယ်ဝန်းကျင် ရှိပြီး ဟင်္သာတ၊ အင်္ဂပူ မြို့နယ်ဘက်တွေမှာလည်း ရှိနေတယ်လို့ သိရပါတယ်။
“သုံးဆယ်လောက် အမြဲတမ်းရှိတယ်။ နေ့ရောညပါ စုပ်နေကြတာ။ ဘယ်သူမှလည်း မတားကြဘူး” လို့ ဇလွန်မြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။
အဲဒီ သဲ၊ကျောက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင် အကြီးစား နဲ့ အသေးစား ထုတ်လုပ်သူတွေဟာ ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပေါင်းပြီး တရားမဝင်လုပ်နေကြတာလို့ ဒေသခံတွေက ယူဆနေကြပါတယ် ။ အဲဒီလို မြစ်သဲ၊ ကျောက် အလွန်အကျွံ ထုတ်ယူနေတာကြောင့် ဧရာ၀တီ မြစ်ကမ်းဘေးတလျှောက် နှစ်စဉ် အဆောက်အဦး ရာချီ ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံ တွေက ပြောကြပါတယ်။
ဇလွန်အပြင် အင်္ဂပူမြို့နယ် နံကပ်ကြီး၊ ရွှေပြည်သာ၊ ဘုရားကျွန်း၊ လက်ျားကုန်း စတဲ့ ကျေးရွာတွေ အနီးဝန်းကျင်မှာလည်း မြစ်သဲကျောက် ထုတ်လုပ်တဲ့ စက်လှေတွေ အများအပြားရှိနေပြီး လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစတဲ့ အဆောက်အဦးတွေ များစွာ ဖြိုဖျက်၊ ရွေ့ပြောင်းရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလို မြစ်သဲကျောက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ ခွင့်ပြုချက်နဲ့ ထုတ်လုပ်တဲ့ သူတွေရှိသလို ခွင့်ပြုချက်မဲ့ ထုတ်လုပ်သူတွေလည်းရှိကာ ခွင့်ပြုချက်နဲ့ ထုတ်လုပ်သူတွေဟာလည်း ခွင့်ပြုပမာဏထက် ကျော်လွန်ထုတ် လုပ်နေကြတာကို DNA က စောင့်ကြည့်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
“ခွင့်ပြုချက်နဲ့ ထုတ်တဲ့သူတွေမှာလည်း သဘာ၀ပတ် ဝန်းကျင်မထိခိုက်ရေးအတွက် သတ်မှတ်ထားတဲ့နှုန်းထား ရှိ တယ်၊ ဒါပေမယ့် အဲဒီနှုန်းထားထက် ပိုပြီးတော့ ထုတ်တာတွေ ရှိတဲ့အတွက် ဧရာ၀တီမြစ် ပျက်စီးတာတွေ ရှိတယ်” လို့ ဟင်္သာတဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးစိန်သောင်းက ပြောပါတယ်။
အဲဒီလို မြစ်သဲကျောက်အလွန်အကျွံထုတ်လုပ်မှုတွေကြောင့် ပြည်သူပိုင် စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်း တွေအပြင် နေအိမ်အဆောက်အဦးတွေ ပျက်စီးရတာအပြင် မြစ်ကြောင်းပြောင်းလဲကာ ဒေသခံပြည် သူပိုင်မြေယာတွေ ပျက်စီး၊ ပျောက်ဆုံးတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ မိုးရာသီတုန်းကဆိုရင် မြစ်သဲကျောက် အလွန်အကျွံ ထုတ်ယူထားတဲ့ ဧရာ၀တီ မြစ်ကမ်းဘေးရှိ ဟင်္သာတမြို့နယ် ရေပေါက်ကြီးရွာ မြစ်ကမ်းပါးပြိုခဲ့သလို ညောင်ပင်သာတာ၊ ညောင်တုန်းတာတို့ဟာလည်း တာဘောင်ကျိုးကျ တာတွေ ရှိခဲ့ပါတယ်။
အဲဒီလို မြစ်ကမ်းပါး၊ တာဘောင်ပြိုကျတာတွေဟာ မြစ်ထဲ့ သဲ၊ ကျောက်တွေ ထုတ်ယူတာကြောင့် ရေစီးကြောင်း ပြောင်းပြီး မြစ်ကမ်းပါးကို ရေဝဲထိုးတာကြောင့်ဖြစ်ကာ အခုလို အလွန်အကျွံဆက်ထုတ်နေကြမယ်ဆိုရင် ထပ်ပြီး တော့ ကမ်းပြိုတာ၊ မြေနုကျွန်းပေါ်တာတွေ ဆက်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“အခုနှစ်လည်း ကမ်းတွေ ပြိုနေပြီလေ။ တဖြည်းဖြည်းနဲ့ မသိမသာပြိုတာ။ ဆောင်းတွင်းဆို နှစ်တိုင်းကမ်းပြိုတယ်။ နစ်နာတာက ပြည်သူတွေပဲ၊ အိမ်တွေပါ၊ လယ်တွေပါ၊ နောက်ဆုံး နေစရာပါ ပျောက်သွားကြတာ” လို့ အဲဒီအ ကြောင်းသိထားတဲ့ ဟင်္သာတဒေသခံလယ်သမားတဦးက ပြောပါတယ်။
အဲဒီ မြစ်သဲကျောက် အလွန်အကျွံ ထုတ်လုပ်သူတွေဟာ ခေတ်အဆက်ဆက် အစိုးရအရာရှိတွေနဲ့ ပေါင်းလုပ်နေသူတွေ ဖြစ်ပြီး အခုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်လုပ်မှုတွေ ပိုများလာတယ်လို့ ဒေသခံတွေ စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
“ခေတ်အဆက်ဆက် အစိုးရနဲ့ ပေါင်းစားတဲ့သူတွေ များတယ်။ ဒေသခံတွေ တိုင်ကြားရင်လည်း တိုင် ကြားလို့လည်း မရဘူး။ မြစ်ကြောင်းဖြိုး (ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)ကပဲ တိုင် လို့ရမယ်။ မြစ်ကြောင်းဖြိုးနဲ့ ပေါင်းစားနေတဲ့ အခါကျတော့ ဒါကို တိုင်ကြားဖို့က တော်တော်လေး ခဲရာခဲဆစ် ဖြစ်တယ်” လို့ ဦးစိန်သောင်းက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်သဲကျောက်တွေ အလွန်အကျွံ ထုတ်လုပ်တာ အပြင် သစ်ခိုးထုတ်တာ၊ လောင်းကစားဝိုင်းတွေ လုပ်ကာ စီးပွားရှာတာ၊ မူးယစ်ဆေးဝါးတွေ ရောင်းချတာ စတဲ့ လုပ်ငန်းတွေကိုလည်း ဒေသခံလုပ်ငန်းရှင်တွေက စစ်တပ်အရာရှိတွေနဲ့ ပူးပေါင်းလုပ်နေကြတာတွေ များလာ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အခု စစ်တပ်လုပ်ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်အစိုးရသစ်လက်ထက်မှာလည်း အဲဒီလို မြစ် သဲ၊ ကျောက် ထုတ်တဲ့လုပ်ငန်းအပါအဝင် မှောင်ခိုလုပ်ငန်းတွေဟာ ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။