
“များသောအားဖြင့် ကုန်ကြမ်းနဲ့ အော်ဒါမရတော့လို့ ပိတ်ကြတာ။ ဘာလို့ မရတာလဲဆိုရင် အော်ဒါအပ်တဲ့ ကုန်အမှတ်တံဆိပ်တွေက ပိတ်ဆို့အရေးယူမှုထဲ ပါလာလို့ပဲ ”
၂၄၊နိုဝင်ဘာ
ရန်ကုန်တိုင်းအတွင်း ပိတ်သိမ်းမယ့်စက်ရုံတွေရဲ့ အခြေအနေကို စစ်အစိုးရက စစ်ဆေး အကဲခတ်နေပြီး အကြောင်းရင်း မှန်သိရအောင် လိုအပ်တဲ့ မှတ်တမ်းတွေ တောင်းယူနေပါတယ်။
“အချက်အလက် စုစည်းတာကို စလုပ်တုန်းဆိုတော့၊ ရေရာတဲ့ သတင်းအချက်အလက် မထွက်သေးဘူး။ တခုရှိတာက သွေးရိုး၊သားရိုး ပိတ်သိမ်းမှုလား ဆိုတာစောင့်ကြည့်တဲ့ အပိုင်းလည်း ပါတယ်” လို့ တိုင်းအလုပ်သမားညွန်ကြားရေးဦးစီးရုံး၊ အရာရှိတဦးက ပြောပါတယ်။
စက်ရုံတွေ ပိတ်သိမ်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ အလုပ်လက်မဲ့ ဖြစ်ပွားမှု ဖြစ်နိုင်ခြေကို ခန့်မှန်း တွက်ဆနေတာလို့ သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ဒီနှစ်ထဲ စက်ရုံ ၅ ခုလောက် ပိတ်သိမ်းခဲ့ပြီး နောက်ထပ်လည်း စက်ရုံ ၁၀ ရုံလောက် ပိတ်သွားဖို့ ရှိနေတာလို့ အဲဒီ လုပ်ငန်းအစုအဖွဲ့တွေဆီက သိရပါတယ်။
“များသောအားဖြင့် ကုန်ကြမ်းနဲ့ အော်ဒါမရတော့လို့ ပိတ်ကြတာ။ ဘာလို့ မရတာလဲဆိုရင် အော်ဒါအပ်တဲ့ ကုန်အမှတ်တံဆိပ်တွေက ပိတ်ဆို့အရေးယူမှုထဲ ပါလာလို့ပဲ ” လို့ ပြည်တွင်း အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ခေါင်းဆောင် တဦးက ပြောပါတယ်။
မကြာခင် လပိုင်းက အနောက်နိုင်ငံ အခြေစိုက် ထိပ်တန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ H&M၊ Primade အမှတ်တံဆိပ်တွေ အတွက် အပ်ထည်တွေပို့ပေးရတာတွေ ရပ်နားလိုက်တဲ့အတွက် လုပ်သား ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး စစ်အစိုးရက အစားထိုး အလုပ်အကိုင်တွေ ရအောင် လုပ်ပေးဖို့ ပျက်ကွက်ခဲ့တာ ရှိတယ်ဆိုပြီး အလုပ်သမားအရေး ဆောင်ရွက်သူတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
တဖက်မှာတော့ စစ်အစိုးရက ဒီအခြေအနေကို ဘေးကနေ သွေးထိုးလှုံ့ဆောက်သူတွေကြောင့် အခုလို ဖြစ်ရတာလို့ အကြောင်းပြနေပါတယ်။