
“စျေးကွက်က ရုတ်သိမ်းခိုင်းတယ်ဆိုတာ ကျန်းမာရေးအတွက် ဘယ်လိုမှ အဆင်မပြေလို့ ရုပ်သိမ်းခိုင်းတာပါ။ အဓိ ကတော့ တာရှည်ခံအောင် လုပ်ထားတာ၊ အချိုဓါတ် လွန်ကဲအောင် လုပ်ထားတွေပါ။ အစာအိမ်တို့၊ ကျောက်ကပ်တို့ ထိနိုင်တယ်”
၂၅၊ နိုဝင်ဘာ။
ရွှေညာသူ ပုန်းရည်ကြီးနဲ့ K&K ခွန်အားဖြည့်အချိုရည်တွေဟာ စားသုံးဖို့ မသင့်တာကြောင့် စျေးကွက်ကနေ ပြန်လည်ရုပ်သိမ်းစေဖို့ သတိပေးချက်ထုတ်ပြန်ကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)က ဒီနေ့ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်ချောင်းစံပြကျေးရွာရှိ ရွှေညာသူ စားသောက်ကုန် လုပ်ငန်းကနေ ထုတ်လုပ်တဲ့ ရွှေညာသူ ပုန်းရည်ကြီးဟာ အစားအသောက် ထပ်ဖြည့်ပစ္စည်း Benzoic acid ပါဝင်မှု အလွန်များနေတယ်လို့ ဆိုပါတယ်။
ရွှေညာသူပုန်းရည်ကြီးမှာ Benzoic acid ပါဝင်မှုဟာ ၁၁၁၃ ဒသမ ၁၉ mg/kg ပါဝင်ပြီး သတ်မှတ်ပမာဏထက် ၁၀၀၀ mg/kg ထက်ကျော်လွန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် K&K ခွန်အားဖြည့် အချိုရည်မှာလည်း အစားအသောက် ထပ်ဖြည့်ပစ္စည်း Benzoic acid ပါဝင်မှုဟာ ၈၅၁ ဒသမ ၄၆ mg/kg ပါဝင်ပြီး သတ်မှတ်ပမာဏထက် ၂၅၀ mg/kg ထက်ကျော်လွန်ပြီး Sodium Cyclamate ၉၇၃ ဒသမ ၆၉ mg/kg ပါဝင်ကာ သတ်မှတ်ပမာဏထက် ၃၅၀ mg/kg ထက်ကျော်လွန်တယ်လို့ ဆိုပါတယ်။
“စျေးကွက်က ရုတ်သိမ်းခိုင်းတယ်ဆိုတာ ကျန်းမာရေးအတွက် ဘယ်လိုမှ အဆင်မပြေလို့ ရုပ်သိမ်းခိုင်းတာပါ။ အဓိ ကတော့ တာရှည်ခံအောင် လုပ်ထားတာ၊ အချိုဓါတ် လွန်ကဲအောင် လုပ်ထားတွေပါ။ အစာအိမ်တို့၊ ကျောက်ကပ်တို့ ထိနိုင်တယ်” လို့ FDA မှာ မြို့နယ်ဒုဦးစီး လုပ်ခဲ့တဲ့ ရခိုင်ဒေသခံ ဝန်ထမ်းဟောင်းတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အစားအသောက်တွေကို ကွင်းဆင်းစစ်ဆေးကာ စျေးကွက်က ရုပ်သိမ်းဖို့ ကြေညာတာတွေ လုပ်ပေမယ့် မြေပြင်ကွင်းဆင်းပြီး တကယ်ရုပ်သိမ်းမှု ရှိ၊ မရှိ စစ်ဆေးတာတွေက အားနည်းလာတယ်လို့ သူက ဆိုပါတယ်။
ရွှေညာသူ ပုန်းရည်ကြီးနဲ့ K&K ခွန်အားဖြည့် အချိုရည်တွေကို စျေးကွက်က ရုပ်သိမ်းဖို့ ထုတ်ပြန်ထားသလို ရွှေသင်းသူ နနွင်းမှုန့်၊ ရွှေသင်းသူ အရောင်တင်မှုန့်၊ 123 ဇီးဖြူသီးယို၊ သိန်းတိုး ဂျင်းလက်ဖက် တွေကိုလည်း စားသုံးဖို့ မသင့်ဘူးလို့ FDA က ဒီနေ့မှာ ထုတ်ပြန်ကြေငြာထားပါတယ်။