
အမေရိကန်အခြေစိုက် Stimson Center သုတေသနအဖွဲ့ရဲ့ အဆိုအရ အရှေ့တောင်အာရှ ကုန်းမကြီးတဝန်းမှာရှိတဲ့ တရားမဝင်နဲ့ စည်းကမ်းမဲ့ သတ္တုတွင်းအများစု ပါဝင်တဲ့ သတ္တုတွင်းပေါင်း ၂,၄၀၀ ကျော်ဟာ ဆိုင်ယာနိုက်နဲ့ ပြဒါးလို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို မြစ်ရေထဲ စွန့်ပစ်နေနိုင်ခြေ ရှိနေပါတယ်။
၂၆၊ နိုဝင်ဘာ။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရေထုညစ်ညမ်းမှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေချိန်မှာပဲ နှစ်နိုင်ငံနယ်စပ်တလျှောက်ရှိ မြစ်ချောင်းတွေထဲက အဆိပ်သင့်သတ္တုဓာတ်ပါဝင်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ရေအရည်အသွေး စောင့်ကြည့်ရေးစခန်း ခြောက်ခုတည်ထောင်သွားဖို့ ထိုင်းနဲ့ မြန်မာတို့ သဘောတူညီခဲ့ကြတယ်လို့ ထိုင်းတာဝန်ရှိသူတွေက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှာ ရွှေနဲ့ မြေရှားသတ္တုတွေ အဓိကတူးဖော်တဲ့ သတ္တုတွင်းလုပ်ငန်းတွေ အလွန်အကျွံ များပြားလာတာကြောင့် ထိုင်းနိုင်ငံထဲ စီးဝင်နေတဲ့ မြစ်ချောင်းတွေထဲကို အဆိပ်သင့်ဓာတုပစ္စည်းတွေ စွန့်ပစ်မှုဖြစ်ပေါ်နေပြီး ဒေသခံပြည်သူတွေရဲ့ သောက်သုံးရေအရင်းအမြစ်တွေကို ညစ်ညမ်းစေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်အခြေစိုက် Stimson Center သုတေသနအဖွဲ့ရဲ့ အဆိုအရ အရှေ့တောင်အာရှ ကုန်းမကြီးတဝန်းမှာရှိတဲ့ တရားမဝင်နဲ့ စည်းကမ်းမဲ့ သတ္တုတွင်းအများစု ပါဝင်တဲ့ သတ္တုတွင်းပေါင်း ၂,၄၀၀ ကျော်ဟာ ဆိုင်ယာနိုက်နဲ့ ပြဒါးလို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို မြစ်ရေထဲ စွန့်ပစ်နေနိုင်ခြေ ရှိနေပါတယ်။
၂၀၂၅ ခုနှစ် မတ်လကနေ စက်တင်ဘာလအတွင်း ကောက်ယူစစ်ဆေးခဲ့တဲ့ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ကော့မြစ်နဲ့ မြစ်လက်တက်တွေအပြင် မယ်ဆိုင်၊ ရွက်နဲ့ မဲခေါင်မြစ်တွေထဲက ရေနဲ့ အနည်အနှစ်နမူနာတွေမှာ အာဆင်းနစ်နဲ့ တခြားအဆိပ်သင့်သတ္တုဓာတ်တွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
ကော့မြစ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကနေ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲကို စီးဝင်တာဖြစ်ပြီး မယ်ဆိုင်မြစ်နဲ့ ရွက်မြစ်တို့ကတော့ နှစ်နိုင်ငံနယ်နိမိတ် အစိတ်အပိုင်းတွေအဖြစ် စီးဆင်းနေတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ရေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ဖွဲ့စည်းထားတဲ့ ထိုင်း-မြန်မာ လုပ်ငန်းအဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးမှာကော့မြစ်တလျှောက် စောင့်ကြည့်ရေးစခန်း လေးခုနဲ့ မယ်ဆိုင်မြစ်လျှောက် စခန်း နှစ်ခု တပ်ဆင်သွားဖို့ နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြပါတယ်။
“သတင်းအချက်အလက်တွေ ပုံမှန်မျှဝေနိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ ဌာနတွေကတဆင့် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးမှု အချက်အလက်တွေကို တနှစ်ကို အနည်းဆုံး နှစ်ကြိမ် ဖလှယ်သွားဖို့နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေရှားသတ္တု တူးဖော်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို မြန်မာနိုင်ငံဆီ တင်ပို့နေတာ ရပ်ဆိုင်းဖို့နဲ့ အဆိပ်သင့်ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့အတွက် ထိုင်းဘက်ခြမ်းကကော့မြစ်အပိုင်းကို ညစ်ညမ်းမှုထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်သွားဖို့ စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံက နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားထားပါတယ်။
ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ထိုင်းနိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံအတွင်းက သတ္တုတူးဖော်မှုတွေကို ညစ်ညမ်းမှုရဲ့ အဓိကအရင်းအမြစ်အဖြစ် အာရုံစိုက်နေပြီး အဲဒီထဲမှာ တရုတ်ကျောထောက်နောက်ခံပြုပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွေလည်း ပါဝင်နေပါတယ်။
ရှမ်းပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ တောင်ကုန်းဒေသတွေမှာ တရုတ်သတ္တုတူးဖော်သူတွေဟာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လက်နက်ကိုင်အဖွဲ့ရဲ့ အကာအကွယ်အောက်မှာ မြေရှားသတ္တုတွင်းအသစ်တွေ ဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ ရိုက်တာသတင်းဌာနက ၂၀၂၅ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။
ပြည်ပမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ “ဒေသဆိုင်ရာ ဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး လူမှုရေးတာဝန်ဝတ္တရားတွေကို တက်တက်ကြွကြွ ကျေပွန်အောင် ထမ်းဆောင်ဖို့ လိုအပ်တယ်” လို့ တရုတ်နိုင်ငံဘက်က အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။
ဘေကျင်းဘက်ကတော့ သတင်းအချက်အလက် မျှဝေတာ၊ ပူးတွဲစစ်တမ်းကောက်ယူတာနဲ့ ပူးတွဲဓာတ်ခွဲခန်း တည်ထောင်တာတွေ အပါအဝင် နည်းပညာပိုင်းဆိုင်ရာအကူအညီတွေ ပေးအပ်ဖို့ ကမ်းလှမ်းထားတယ်လို့ ထိုင်းသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရာဝီဝမ် ဘူရီဒက်ချ်က ပြောပါတယ်။
“ထိုင်းနဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပံ့ပိုးကူညီပေးဖို့ တရုတ်နိုင်ငံဘက်က အသင့်ရှိနေပါတယ်” လို့ ရာဝီဝမ်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တု ထွက်ရှိရာ နေရာတခုဖြစ်ပြီး အဆိုပါ သတ္တုတွေကို တရုတ်နိုင်ငံဆီ အဓိကတင်ပို့ကာ လေအားလျှပ်စစ်တာဘိုင်တွေ၊ ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ လျှပ်စစ်ကားတွေလို အရေးကြီးထုတ်ကုန်တွေမှာအသုံးပြုထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ်က ဒေသတွေ အပါအဝင်အဓိက မြေရှားသတ္တု တူးဖော်ရာ နယ်မြေတွေဟာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေပါဘူး။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းကတည်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်ဒဏ်ကို အပြင်းအထန် ခံစားနေရတာ ဖြစ်ပါတယ်။
ကိုးကား – Reuters