
Hijet ပေါ် ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦးထဲက အမျိုးသားတဦး သေဆုံးပြီး ကျန်ရှစ်ဦးဟာလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။
၂၆၊ နိုဝင်ဘာ။
ဧရာ၀တီတိုင်း ပုသိမ် – မုံရွာကားလမ်းမပေါ် ညောင်တုန်းမြို့နယ် အရွဲကျေးရွာအနီးမှာ ကားနှစ်စီးဆင့်တိုက်မိပြီး ကားပေါ်ပါလာသူ ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၆ ရက် မနက်အစောပိုင်း ၃ နာရီကျော်အချိန်မှာ မိုင်တိုင်အမှတ်(၁၉/၇)နဲ့ (၂၀/၀)ကြားမှာ ညောင် တုန်းဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ DAIHATSU Hijet အမျိုးအစား ယာဉ်တစီးက လမ်းဘေးမှာ ရပ်ထားတဲ့ HONO အမျိုးအစား ၂၂ ဘီးယာဉ်ကို နောက်ကနေ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
“မီးတွေတောင် လောင်သွားသေးတယ် ပြောကြတယ်။ မီးသတ်ကားတွေ ရောက်လာသေးတယ်တဲ့။ ဒဏ်ရာရတဲ့ သူတွေကတော့ သက်သာကြပါတယ်။ မစိုးရိမ်ရဘူး” လို့ ညောင်တုန်းဒေသခံတဦးက ပြောပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် Hijet ပေါ် ပါလာတဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦးထဲက အမျိုးသားတဦး သေဆုံးပြီး ကျန်ရှစ်ဦးဟာလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဧရာ၀တီတိုင်းအတွင်းက မြို့ချင်း၊ ရွာချင်းဆက်လမ်းတွေနဲ့ အဝေးပြေး လမ်းမကြီးတွေဟာ ပုံမှန်ပြုပြင်မှု မရှိကြတော့တာကြောင့် ပျက်စီးမှုတွေ ရှိနေကာ ယာဉ်မတော်တဆမှုတွေလည်း မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒါ့အပြင် ယာဉ်မောင်းအချို့ကလည်း မဆင်မခြင် မောင်းကြတယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ကလည်း ဟင်္သာတမြို့ပေါ် ညောင်ပင်အလယ်လမ်းမှာ ကုန်တင်ကားကြီးတစီးနဲ့ စက်ဘီးစီးလာတဲ့ အမျိုးသမီးတဦးတို့ တိုက်မိပြီး စက်ဘီးစီးလာတဲ့ အမျိုးသမီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရန်ကုန် – ဧရာ၀တီပြေးဆွဲနေတဲ့ ခရီးသည်ကားနဲ့ ဆိုင်ကယ်၊ သုံးဘီး တို့ ရေကြည်မြို့နဲ့ အသုတ်မြို့ကြား ချင်းကုန်းရွာအနီးမှာ ဆင့်တိုက်ခဲ့ပြီး ခရီးသည် ငါးဦးထိခိုက်ဒဏ်ရာရသွားခဲ့ပါ တယ်။
ဩဂုတ်လ ၄ ရက်နေ့မနက်ပိုင်းကလည်း ရေးဘေးသင့် ပြည်သူတွေကို ကူညီဖို့လာတဲ့ လူမှုကူညီရေး ကားတစီးဟာ လေးမျက်နှာမြို့နယ် ခမောက်စုနဲ့ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာအကြားမှာ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လာသူ ၆ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
ဧရာဝတီတိုင်းထဲမှာ ရေကြီးမှု နောက်ဆက်တွဲ လမ်းတွေအများအပြား ပျက်စီးနေပေမယ့်လည်း စစ်အစိုးရက ရေပြန်ကျနေတဲ့ အချိန်ထိ စနစ်တကျ ပြုပြင်ပေးတာမျိုး မရှိသေးဘဲ လမ်းပိုင်းအချို့မှာပဲ ဖာထေးနေတာ တွေ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။