မူးယစ်ဆေးကြောင်ပြီး ထိုင်းအမျိုးသမီးကိုသတ်ကာ ထွက်ပြေးတဲ့ PDF တဦးကို ထိုင်းရဲတွေဖမ်းဆီးဆိုတဲ့ သတင်းမှား
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်
(Fact-check- DNA/ The Red Flag/ MFCN)
☑️အနှစ်ချုပ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ PDF တဦးက ထိုင်းအမျိုးသမီးကို မူးယစ်ဆေးသုံးဖို့ ငွေလိုတဲ့အတွက် ငွေ ချေးတာမှာ မပေးတဲ့အတွက် လည်ပင်းညှစ်သတ်ကာ ထွက်ပြေးလို့ ထိုင်းရဲတွေဖမ်းဆီးရမိခဲ့တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
မှိုင်းဝေ- https://archive.ph/KZee9
နောင်ရိုးဟစ်တိုင်- https://archive.ph/j1FlB
မောင်ချိန်ခွင်- https://archive.is/RHyL9
အဲ့ဒီအကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ ထိုင်းအမျိုးသမီးကိုသတ်ခဲ့သူဟာ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား ၁ ဦး ဖြစ်တာ မှန်ကန်နေပေမဲ့ PDF တဦးဖြစ်ပြီး မူးယစ်ဆေးသုံးဖို့ငွေမပေးလို့ သတ်တယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေတာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
သတင်းဖြစ်စဉ်ပါ ဓါတ်ပုံတွေကို google image Search, keyword တို့နဲ့ရှာဖွေရာ ထိုင်းသတင်းတွေနဲ့ ပြည်တွင်းသတင်းဌာနတွေမှာ အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရှိရပါတယ်။
“ဘန်ကောက်မြို့၊ Din Daeng ခရိုင်၊ Pracha Songkhro 33 (ပရာချာ ဆွန်ခရို ၃၃)ရှိ အဆောင်တခုမှာ အသက် ၂၀ အရွယ် Chutikarn Phabut (ချူတီကန် ဖာဘွတ်)ဆိုသူ အမျိုးသမီး ၁ ဦး သေဆုံးနေတာကို တွေ့ရှိလို့ Din Daeng ရဲစခန်းက ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေခဲ့ရာ Phra Nakhon Si Ayutthaya (ဖရာနခွန်ဆီ အယုဒ္ဓယ)ခရိုင်၊ Bang Pa-in မြို့နယ်ရှိ PTT ဓာတ်ဆီဆိုင်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်က “Bee” (ဘီ)လို့ အမည်ပေးထားတဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သား ၁ ဦးကို ဖမ်းဆီးရမိပြီး အမှုဖွင့်စစ်ဆေးနေတယ်”လို့ Thai Police က ရေးသားထားတာကို တွေ့ရပါတယ်။
Thai Police- https://h1.nu/1HdZ5
“အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား “ဘီ”(Bi)လို့ အမည်ဖော်ပြထားသူဟာ မက်သ်အမ်ဖက်တာမင်း (methamphetamine) ဆေးပြားတွေ (ဒေသအခေါ် “ယာဘ”) ကိုသုံးစွဲပြီးနောက် ထင်ယောင်ထင်မှား ဖြစ်ကာ မူးယစ်နေချိန်မှာ အခန်းချင်းကပ်လျှက်မှာနေတဲ့ အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီး Chutikarn ရဲ့အခန်းထဲသို့ ဝင်ရောက်ခဲ့ရာ အမျိုးသမီးပြန်လာချိန် စကားများရန်ဖြစ်ကာ လက်နဲ့ လည်ပင်းညှစ်သတ် ခဲ့ပြီး ဘတ်စ်ကားနဲ့ Kamphaeng Phet (ကမ်ဖန်ဖက်) ပြည်နယ်ကို ထွက်ပြေးဖို့ ကားစီးလာချိန် အယုဒ္ဓယ (Ayutthaya) ခရိုင်က ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ဖမ်းဆီးခံရပြီး လူသတ်မှုကို ဝန်ခံခဲ့လို့ အမှုဖွင့်စစ်ဆေး နေတယ်” လို့ khaosod news က ရေးသားထားတာကို တွေ့ရပါတယ်။
khaosod news- https://archive.ph/reZ1a
“Soi Prachasongkhro 33 (စွိုင် ပရာချာဆုန်ခရို ၃၃) လမ်းက အခန်းတခန်းမှာနေထိုင်တဲ့ အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီး Chutikan ကို အိပ်ရာပေါ်မှာ သေဆုံးနေတာကို တွေ့ရှိရလို့ ရဲတပ်ဖွဲ့ကစစ်ဆေး ခဲ့ရာ CCTV မှတ်တမ်းတွေအရ “Bee” (ဘီ)လို့ဆိုသူ မြန်မာအမျိုးသားတဦး မူးယစ်ဆေးဝါးသုံးစွဲထားပြီး မူးယစ်နေစဉ် အမျိုးသမီးရဲ့အခန်းထဲ ဝင်ရောက်ပုန်းအောင်းမိရာ အမျိုးသမီးပြန်ရောက်လာပြီး သူတို့ နှစ်ဦး စကားများရန်ဖြစ်ရာ ၎င်းက အမျိုးသမီးအား လက်ဗလာနဲ့လည်ပင်းညှစ်သတ်ခဲ့ပြီး ထွက်ပြေးခဲ့ချိန် အဖမ်း ခံခဲ့ရတာဖြစ်တယ်” လို့ ဝန်ခံပြောကြားခဲ့တယ်ဆိုပြီး The Thaiger နဲ့ CH7 HD News Youtube တို့က ရေးသားထားပါတယ်။
The Thaiger- https://archive.ph/swQ91
CH7 HD News Youtube- https://h1.nu/1Bivz
“အောက်တိုဘာ ၃၁ ရက် မနက် ၉ နာရီခွဲက ဒင်ဒဲန်နယ်မြေ၊ ပရချားဆုန်ခေါ့လမ်းသွယ် ၃၃ လမ်းထဲမှာ မိန်းကလေးတယောက် အသတ်ခံရတယ်ဆိုတဲ့တိုင်ကြားချက်အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ စီစီကင်မရာအထောက်အထားတွေအရ အောက်တိုဘာ ၃၀ ရက် မနက် ၁ နာရီခွဲလောက်က အသက် ၂၃ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား နိုင်ဘီးဟာ သေဆုံးသူအမျိုးသမီး ချွန်တိကန်ဖာပုတ်ရဲ့အခန်းထဲက ထွက်လာပြီး အခန်းချင်းကပ်လျက်က သူနဲ့သူ့ဇနီးငှားရမ်းနေထိုင်တဲ့ အခန်းထဲကို ခဏဝင်ပြီး ပြန်ထွက် ကာ မော်ချစ်အဝေးပြေးကားဂိတ်က လိုင်းကားတစီးပေါ်တက်သွားတာကို တွေ့ရလို့ ခြေရာခံလိုက်ခဲ့ရာ အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ်က ဓာတ်ဆီဆိုင်ထဲ ရပ်နားစဉ်ဖမ်းဆီးရမိခဲ့ပါတယ်။
နိုင်ဘီးက စိတ်ကြွဆေးသုံးပြီး ဆေးကြောင်နေချိန်အဖမ်းခံရမှာစိုးလို့ မိန်းကလေးရဲ့အခန်းထဲကို မှားဝင်ပုန်း နေမိချိန် မိန်းကလေးပြန်ရောက်လာပြီး စကားများရန်ဖြစ်ကာ လည်ပင်းညှစ်သတ်မိခဲ့တယ်လို့ ဝန်ခံထွက် ဆိုခဲ့ပါတယ်” ဆိုပြီး DVB နဲ့ BNA တို့က ရေးသားထားတာကို တွေ့ရပါတယ်။
☑️သုံးသပ်ချက်
ထိုင်းအမျိုးသမီးကိုသတ်ဖြတ်သူမှာ အသက် ၂၃ နှစ်အရွယ် “ဘီ (Bi)” အမည်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသားတဦးသာဖြစ်ပြီး သေဆုံးသူနဲ့အခန်းချင်းကပ်လျှက်မှာ ၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ ငှားရမ်းနေထိုင်သူ ဖြစ်ပါတယ်။
ဘီ (Bi)ဟာ ဖြစ်ပွားတဲ့နေ့က စိတ်ကြွဆေး (ယာဘ)တွေကို ပြင်းထန်စွာ သုံးစွဲထားလို့ ဆေးကြောင်ကာ လမ်းလျှောက်လာစဉ် ပုန်းအောင်းရန်နေရာ ရှာဖွေရာမှ သေဆုံးသူ ထိုင်းအမျိုးသမီးငယ်ရဲ့ အခန်းအတွင်းသို့ ခိုးဝင်ပုန်းအောင်းနေခဲ့ခြင်း ဖြစ်ပြီး ဘီ (Bi) နဲ့ သေဆုံးသူထိုင်းအမျိုးသမီးတို့ ယခင်က သိကျွမ်းရင်းနှီးခဲ့ဘူး ခြင်းမရှိတာကို တွေ့ရှိရပါတယ်။
အသက် ၂၃ နှစ်အရွယ်မြန်မာလူမျိုး “ဘီ” ရဲ့ ဝန်ခံထွက်ဆိုချက်အရနဲ့ သတင်းဌာနတွေရဲ့ ရေးသားချက် တွေအရ ဘီ ဟာ သေဆုံးသူထံကနေ မူးယစ်ဆေးသုံးစွဲဖို့ ငွေချေးမရတဲ့အတွက်သတ်ဖြစ်ခဲ့တယ်ဆိုတာနဲ့ PDF တဦးဖြစ်တယ်ဆိုတဲ့ ရေးသားချက်တွေဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork