ဥရုချောင်းရိုးဘေးက ရှမ်းနီကျေးရွာတွေကို KIA က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှား
နိုဝင်ဘာ ၃၊ ၂၀၂၆။
(Fact-check _DNA/ The Red Flag/ MFCN)
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအနီးမှာရှိတဲ့ ရှမ်းနီကျေးရွာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တပ်တွေကနေ မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့အတူ ရွှေတူးဖော်တဲ့ရုပ်ပုံတချို့ပါ လူမှုစာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းအရာကို “The Northern Voice – မြောက်ပိုင်းအသံ” လို့အမည်ရတဲ့ လူမှုစာမျက်နှာကနေ စတင်ဖြန့်ဝေထားပြီး Tai Youth Support SNLD ပြန်လည်မျှဝေထားသလို Homeland News Agency လို့အမည်ရတဲ့ စာမျက်နှာကလည်း အလားတူရုပ်ပုံတွေကို ပြီးခဲ့ ၂၀၂၅၊ နိုဝင်ဘာလ၊ ၂၅ မှာ “KIAနဲ့ လုပ်ငန်းရှင်အချို့ ဟုမ္မလင်းမြို့နယ် ရာလားတီး၊ ပါဟုတ်ကြီးရွာအတွင်း ရွှေတူးဖော်နေ” လို့ (မူရင်းအတိုင်း)ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။
သတင်းမှားလင့်များ
Homeland News Agency က မျှဝေထားခဲ့ဖူးတဲ့ ရုပ်ပုံလင့် – https://archive.ph/QxIVM
ပျံ့နှံ့လာတဲ့ အဲ့ဒီအကြောင်းအရာနဲ့ ရုပ်ပုံတွေကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၅ကလည်း ပျံ့နှံ့ခဲ့ဖူးတာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းအနီးက ကျေးရွာတွေ မီးလောင်မှုရှိမရှိကို NASA ရဲ့ ကမ္ဘာ့မျက်နှာပြင်ပေါ်က မီးလောင်ကျွမ်းမှုတွေကို ဂြိုလ်တုဒေတာတွေ အသုံးပြုပြီး အချိန်နဲ့တပြေးညီ ရှာဖွေ၊ စောင့်ကြည့်ပေးတဲ့ FIRMS ကို အသုံးပြုပြီး စစ်ဆေးကြည့်တဲ့ အခါမှာ အောက်တိုဘာလအတွင်း မီးလောင်မှုမရှိတာကို တွေ့ရှိရပါတယ်။
အောက်တိုဘာလအတွင်း မီးလောင်ကျွမ်းမှုမရှိခဲ့တာကို အောက်ပါလင့်ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://firms.modaps.eosdis.nasa.gov/map/#d:2026-10-28;v:max;@94.82,25.28,9.21z
ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာလပိုင်းမှာလည်း စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်းနှစ်ခုကို KIAပူးပေါင်းတပ်တွေကနေ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့လည်း DVB Burmese သတင်းဌာနကလည်းဖော်ပြပါတယ်။
DVB Burmese သတင်းဌာနက ဖော်ပြခဲ့တဲ့သတင်း – https://www.facebook.com/share/v/19chz4oZRX/
Homeland News Agency စာမျက်နှာကဖြန့်ချိခဲ့တဲ့ သတင်းကို စစ်ဆေးကြည့်တဲ့အခါမှာ ဒေသခံအာဏာပိုင်အဖွဲ့ဖြစ်ခဲ့တဲ့ SNA(ရှမ်းနီအမျိုးသားများတပ်မတော်) တပ်တွေက အာဏာမသိမ်းမီကတည်းက ဟုမ္မလင်းဒေသမှာ ရွှေတူးဖော်သူတွေဆီက တရားမဝင်အခွန်ကောက်ခံတာမျိုးလုပ်ဆောင်ခဲ့ကြပြီး အာဿာသိမ်းပြီးနောက်ပိုင်းမှာလည်း တရားမဝင်အခွန်ကောက်ခံမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။
ဗန်းမောက်မြို့နယ်မှာရှိတဲ့ ရွှေတွင်းနယ်မြေတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလက တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ SNA (ရှမ်းနီအမျိုးသားများတပ်မတော်)တပ်တွေကနေ ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတဲ့အထိ ရွှေတွင်းနယ်မြေနဲ့ စီးပွားရေးအခွင့်အလမ်းတွေက စစ်ကောင်စီတပ်နဲ့ SNA (ရှမ်းနီအမျိုးသားများတပ်မတော်) တပ်တွေအတွက် အဓိကစစ်ရေးပစ်မှတ်ဖြစ်လာခဲ့တယ် ဆိုတဲ့အကြောင်းကို International Crisis Groupရဲ့ Gold သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။
International Crisis Group ကနေ ဖော်ပြထားတဲ့ သုတေသနစာတမ်း – https://www.crisisgroup.org/visual-explainers/critical-minerals-myanmar/gold/
စစ်ကောင်စီတပ်ရဲ့ ဒေသခံတပ်မမှူးတွေနဲ့ အရာရှိတွေကလည်း ရွှေတူးဖော်တဲ့စခန်းတွေ၊ ရွှေမောင်းလှေတွေကို စစ်ကြောင်းမထိုးဘဲနဲ့ တိုက်ခိုက်ဖျက်ဆီးခြင်း မပြုလုပ်ဖို့အတွက် ရွှေလုပ်ငန်းရှင်တွေဆီကနေ လာဘ်ငွေနဲ့ လိုင်းကြေးတွေကို ကိုယ်ကျိုးအတွက်ကောက်ခံခဲ့ကြတယ်လို့လည်း အဲ့ဒီ သုတေသနမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ကနေ စစ်ကောင်စီတပ်မှူးအပြောင်းအလဲနဲ့ စစ်ရေးရှုံးနိမ့်မှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ရန်ပုံငွေမရောက်ရှိစေဖို့ လေကြောင်းကနေစတင်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း တွေ့ရပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ SNA တပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ကစပြီး လက်ရှိအချိန်ထိဒေသတွင်းကို ဖြတ်သန်းတဲ့ကုန်တင်ယာဥ်တွေနဲ့ အိမ်စီးကားတွေကို အခွန်အဆမတန်ကောက်ခံတာနဲ့ ဖြတ်သန်းသွားလာတဲ့သူတွေရဲ့လုံခြုံရေးခြိမ်းခြောက်မှုတွေကိုပါလုပ်ဆောင်နေတယ်လို့ Kachin News Group သတင်းဌာနနဲ့ BNI သတင်းဌာနတွေလည်း သတင်းရေးသားထားပါတယ်။
Kachin News Group မှာဖော်ပြထားတဲ့သတင်း – https://burmese.kachinnews.com/2024/10/18/zz1-166/
BNI သတင်းဌာနက ဖော်ပြထားတဲ့သတင်း – https://bit.ly/3X357FJ
သုံးသပ်ချက်
ကမ္ဘာ့မျက်နှာပြင် မီးလောင်ကျွမ်းမှု စောင့်ကြည့်စနစ် (FIRMS) ဂြိုဟ်တုဒေတာတွေရဲ့ ဖော်ပြချက်အရ အောက်တိုဘာလအတွင်း ဟုမ္မလင်းမြို့နယ်ထဲမှာ မီးလောက်ကျွမ်းခဲ့တဲ့ ဖြစ်စဥ်မရှိခဲ့တာကိုတွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ရွေတူးဖော်တဲ့ရုပ်ပုံတွေကလည်း ဖြစ်စဥ်အသစ်မစုတ်ဘဲ ၂၀၂၅ခုနှစ် နိုဝင်ဘာလကတည်းက ရုပ်ပုံဟောင်းတွေဖြစ်တာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။
International Crisis Group (ICG)ရဲ့သုတေသန စာတမ်းအရ ဟုမ္မလင်းဒေသက ရွှေတူးဖော်မှုတွေမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်SNA တပ်တွေက အာဏာမသိမ်းမီကတည်းက လက်ရှိအချိန်ထိ တရားမဝင်အခွန်တွေ၊ လာဘ်ငွေနဲ့ လိုင်းကြေးတွေကို ကိုယ်ကျိုးအတွက်ရယူနေတယ်ဆိုတာကို တွေ့ရပါတယ်။
ဒါကြောင့် ဥရုချောင်းဘေးမှာရှိတဲ့ ရှမ်းနီကျေးရွာတွေကို KIA က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းအရာက လုပ်ကြံဖန်တီးထားတဲ့သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ လူမှုမီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီလူမှုဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်