အင်းစိန်ထောင်တွင်းဆန္ဒပြပွဲ နောက်ဆက်တွဲ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သံအမတ်ကြီးတွေ သတိပေး

၂၃ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

ဒီနေ့မနက် အင်းစိန်ထောင်တွင်း ဆန္ဒပြမှုနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရန်ကုန်အင်းစိန်ထောင်အတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကို မထိန်းချုပ်နိုင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေက ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အဲဒီအခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

အင်းစိန်ထောင်အပါအဝင် တခြားထောင်တွေမှာပါ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၈ နာရီ ခန့်လောက်ကစပြီး အင်းစိန်ထောင်ထဲကနေ ဒီမိုကရေစီအရေး ကြွေးကြော်သံတွေ ၊ သွေးသစ္စာ သီချင်းသံပြိုင်သီဆိုသံတွေ ကြားရပြီး ၉ နာရီခန့်မှာတော့ ထောင်းတွင်းက သြဥဆွဲသံတွေ ကြားနေရပြီး စစ်ကားတွေလည်း ထောင်ဝန်းထဲမောင်းဝင်သွားတာ တွေ့တယ်လို့ အနီးဝန်ကျင်က ဒေသခံတဦးက ပြောပါတယ်။

အဲဒီကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ရုံးတွေဖြစ်တဲ့ – ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ တို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေ သံရုံးအကြီးအကဲတွေက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သတ်ပြီး ဒီနေ့ ဇူလိုင်လ ၂၃ရက်နေ့ နယ်သာလန်နိုင်ငံ နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာ့အရေး ကြားနာစစ်ဆေးဖို့ ရှိနေတာ ဖြစ်ပါတယ်။