အကျဉ်းထောင်အတွင်း စိုးရိမ်ဖွယ်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး NUG က ကြေညာချက်ထုတ်ပြန် 

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။

အကျဉ်းထောင်တွေအတွင်း စိုးရိမ်ဖွယ်ရာအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဩဂုတ်လ ၁၃ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ၊အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုနဲ့ ဩဂုတ်လ ၈ ရက်နေ့က မန္တလေးမြို့ ၊ အိုးဘိုထောင်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဟာ လူသားတိုင်းခံစားခွင့်ရှိတဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးနဲ့ တခြားသော လူ့အခွင့်အရေးတွေ အတွက် အန္တရာယ်ကို မကြောက်မရွံ့တိုက်ပွဲဝင်ခဲ့တဲ့အပေါ် ချီးကျုး ဂုဏ်ပြုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအစိုးရနဲ့ သံရုံးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဖို့ အချက် ၆ ချက်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချက်တွေကတော့ အကျဉ်းသားအားလုံး တန်းတူညီမျှစွာ ကိုဗစ်ကပ်ရောဂါကုသခွင့် ရရှိစေဖို့ ၊ ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် အကာအကွယ်ပစ္စည်း ၊ ဆေးဝါး ၊ အသုံးအဆောင်တွေကို တိုးမြှင့် စီစဉ်ပေးဖို့ ၊ ကိုဗစ် ကူးစက်ခံနေရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို အသိပေးအကြောင်းကြားခွင့်ပြုဖို့ ၊ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်နေတာကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ အမျိုးသမီးဆိုင်ရာ ကျန်းမာရေးအတွက် ရေအလုံအလောက် သုံးစွဲခွင့်ရရှိဖို့ ၊ အမျိုးသမီးတွေ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး ၊ အသုံးအဆောင်ပစ္စည်းတွေ ရရှိဖို့ နိုင်ငံရေးအကျဉ်းသားတွေ ၊ စီဒီအမ်ဝန်ထမ်းတွေ အနေနဲ့ ICRC နဲ့ တဦးချင်းစီ ဒါမှမဟုတ် အုပ်စုလိုက် ဖြစ်စေ တွေ့ဆုံပြီး လိုအပ်ချက်တွေ တင်ပြခွင့်ကို ခြွင်းချက်မရှိ ခွင့်ပြုပေးဖို့ ၊

အကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေကို ထောင်ဦးစီး ၊ ဝန်ထမ်းတွေက လူသားဆန်စွာ လေးစားမှုပြသပြီး ဆက်သွယ်ပြောဆို ညှိနှိုင်းပေးဖို့နဲ့ အကြမ်းမဖက်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လက်တလောမှာ နိုင်ငံအနှံ့က အကျဉ်းထောင်တွေ အတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်း အင်မတန်မြင့်မားနေပြီး ဝါရင့်နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ အကျဉ်းထောင်တွေအတွင်း သေဆုံးမှုတွေနဲ့ ပါတ်သက်ပြီး စိုးရိမ်စရာ အခြေအနေတွေ ရှိနေတာ ဖြစ်ပါတယ် ။