အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆိုးနိုင်ငံစာရင်းမှာ မြန်မာပါဝင်လာ

၁၄ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်းအရ အလုပ်သမားတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ ဦးဆောင်မှုနဲ့နေရာအနှံ့အပြား အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံး ၁၀နိုင်ငံ စာရင်းမှာ ပါဝင်လာခဲ့တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၄ရက်နေ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုကြတဲ့ ဆန္ဒပြလူထုအပေါ် ရက်ရက်စက်စက်နှိပ်ကွပ်ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံဟာ အခုနှစ်အတွင်း

အလုပ်သမားတွေနဲ့ ပြည်သူလူထုအပေါ်ဖိနှိပ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံရတာလို့ ITUC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နေ့စဉ်ဆန္ဒပြမှုတွေဟာ ပိုမိုတိုးမြှင့်လာတဲ့ရက်စက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။

ပြည်သူအနည်းဆုံး ၅၅၀ သေဆုံးခဲ့ရပြီး ရာပေါင်းများစွာထိခိုက်ဒဏ်ရာရှိခဲ့ကြသလို လူပေါင်း ၂၇၀၀ ကျော်အဖမ်းခံခဲ့ရ၊ တရားစွဲခံရ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကိုထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုင်ဘာဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့ စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို

လုံးဝအလျှော့မပေးဘဲဆက်လက်လုပ်ဆောင်ခဲ့တာပါ။

ITUC က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွင်း အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀နိုင်ငံ ကတော့ ဘင်္ဂလားဒေ့ရှ် ၊ ဘီလာရုဇ် ၊ ဘရာဇီး ၊ ကိုလံဘီယာ ၊ အီဂျစ် ၊ ဟွန်ဒူးရပ်စ် ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ တူရကီနဲ့ ဇင်ဘာဘွေတို့ ဖြစ်ပါတယ်။