နွေဦးတော်လှန်ရေး ခြောက်လကျော်ကာလအတွင်း ကျဆုံးသူ ၉၉၀ ကျော်ရှိလာ

၁၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

စစ်အာဏာရှင်တော်လှန်ရေး ( နွေဦးတော်လှန်ရေး ) ကာလမှာ ကျဆုံးသူ ၉၉၈ ဦးရှိလာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ သြဂုတ် ၁၆ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအရေအတွက်ဟာ AAPP မှ စာရင်းကောက်ယူထားတဲ့ အရေအတွက်သာ ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ စာရင်းမှာ ပိုများနိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းပြုချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဩဂုတ်လ ၁၆ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း (၅၇၁၁) ဦးရှိပြီး အဲဒီထဲက (၂၅၅) ဦး ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတာပါ။

ပြစ်ဒဏ်ကျခံရသူထဲမှာ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရလို့ တိမ်းရှောင်နေသူ(၁၉၈၄) ဦးရဲ့ နာမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး အဲဒီထဲကမျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ(၃၉)ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။

AAPP ဟာ ၂၀၀၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဘဝပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်အကျဉ်းကျသူတွေရဲ့ စာရင်းကို စဉ်ဆက်မပြတ်မှတ်တမ်းပြုစုခြင်းတို့ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။