တော်လှန်ရေးမှာ လက်နက်ကိုင်ပါဝင်တဲ့ မန်းဂျော်နီ

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မန်းဂျော်နီဟာ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင် တိုက်ပွဲဝင်ဖို့အတွက် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။

စစ်ဝတ်စုံ အပြည့်အစုံနဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ မန်းဂျော်နီရဲ့ ဓါတ်ပုံကို ဩဂုတ်လ ၂၈ရက်နေ့မှာ ဒေါကလူမှုကွန်ရက် စာမျက်နှာက တဆင့် တော်လှန်ရေးအတွက် ကိုယ်တိုင်ပါဝင်လာတဲ့ မန်းဂျော်နီလို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

မန်းဂျော်နီဟာ ၁၉၄၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကတည်းက ပါဝင်လာခဲ့သူဖြစ်ကာ ၁၉၉၀ရွေးကောက်ပွဲမှာ ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကျုံပျော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကျန်းမာရေးအရ ဝန်ကြီးချုပ်အဖြစ်က အနားယူကာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရသူဖြစ်ပါတယ်။

အသက် ၈၀ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မန်းဂျော်နီဟာ အခုချိန်မှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တတိယမြောက် သမ္မတကြီးဖြစ်သူ မန်းဝင်မောင်ရဲ့ မြေးတော်စပ်သူ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းထူးကျော်ဟာလည်း အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချနိုင်ဖို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ မန်းထူးကျော်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။