
“လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအစီအမံအားနည်းလို့ ဖြစ်ရတာ။ သက်ဆိုင်တဲ့ ကုမ္ပဏီက ပေါ့လျော့တာ တင်မကဘူး စိစစ်ကြပ်မက်ရမယ့် သူတွေကလည်း အလုပ်မလုပ်တာလေ။
၂၇၊နိုဝင်ဘာ
ရန်ကုန်မြို့မှာ ဒီသုံးရက်အတွင်း စက်ရုံ မီးလောင်မှု့နဲ့ လုပ်ငန်းခွင် မတော်တဆမှု နှစ်ကြိမ်ရှိခဲ့ပြီး အလုပ်သမားတဦး သေဆုံးခဲ့ရပါတယ်။နိုဝင်ဘာ ၂၅ ရက်နေ့ ညနေကလည်း သန်လျှင် သီလဝါ အထူးစီးပွားရေးဇုန်ထဲက PEB စတီးလ်မြန်မာစက်ရုံမှာ သံစင်တွေ ပြိုကျရာကနေ အလုပ်သမားတဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
“လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအစီအမံအားနည်းလို့ ဖြစ်ရတာ။ သက်ဆိုင်တဲ့ ကုမ္ပဏီက ပေါ့လျော့တာ တင်မကဘူး စိစစ်ကြပ်မက်ရမယ့် သူတွေကလည်း အလုပ်မလုပ်တာလေ။ ဖြစ်လာမှပဲ ဟိုစာထုတ်၊ဒီစာထုတ်တွေ လုပ်တာ ” လို့ အခြေခံအလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးက ပြောပါတယ်။

လှိုင်သာယာ ၊ ရွှေသံလွင် စက်မှုဇုန် ၊ မင်းဧရာလမ်းမှာ ရှိတဲ့ Myanmar Sun View အထည်ချုပ်စက်ရုံဟာ နိုဝင်ဘာ ၂၇ ဒီနေ့နေ့မနက် ၅ နာရီလောက်က မီးလောင်ခဲ့ပါတယ်။ဒီမီးလောင်မှုဟာ အခြားစက်ရုံတခုကနေ စတင်ပြီး Myanmar Sun View စက်ရုံကို ကူးစက်လောင်ခံရတာလို့ စက်မှုဇုန်ထဲက အလုပ်သမားတချို့က ပြောဆိုနေကြပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး ။
“မီးတအားများလို့ မီးသတ်ကားတွေ တော်တော်သွားငြိမ်းတာ တွေ့တယ်။ ရွှေပြည်သာ တံတားပေါ်မှာလည်း မီးသတ်ကားတွေ တတန်းကြီး ပိတ်နေတာ ” လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ တဦးက ပြောပါတယ်။
ဒီမီးလောင်မှုကို အဆင့်သတ်မှတ်ချက် Level-2 သတ်မှတ်ပြီး အချိန် နှစ်နာရီ နီးပါး ငြိမ်းသတ်ခဲ့ရတယ်လို့လည်း မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလည်း စက်ရုံမီးလောင်မှုနဲ့ မတော်တဆဖြစ်မှုတွေ အများအပြား ကြုံခဲ့ရပြီး လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး အစီအမံတွေ တိုးမြှင့်လုပ်ဖို့ အလုပ်သမားရုံး နဲ့ မီးသတ်ဌာနတွေက သတိပေး ညွှန်ကြားချက်တွေ ထုတ်ခဲ့ရပါတယ်။