
မလေးရှားဟာ ဉာဏ်ရည်တုနည်းပညာ (AI) အတွက် ဒေသတွင်း အချက်အချာနေရာတခု ဖြစ်လာစေဖို့ ရည်မှန်းချက်ကြီးကြီးမားမား ထားရှိနေတာပါ။
၂၇၊ နိုဝင်ဘာ။
လျှပ်စစ်ဓာတ်အား အလွန်အမင်း သုံးစွဲရတဲ့ ဒေတာစင်တာတွေကို အလျင်အမြန် တည်ဆောက်လာတာကြောင့်မလေးရှားနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၂၀၅၀ ပြည့်နှစ်အရောက်မှာ နှစ်ဆကျော်အထိ မြင့်တက်လာဖို့ ရှိနေပါတယ်။
စွမ်းအင် လိုအပ်ချက်ဟာ ၂၀၂၇ ခုနှစ်မှာ ၂၂ ဒသမ ၅ ဂစ်ဂါဝပ် ရှိရာကနေ ရာစုနှစ်အလယ်ပိုင်း ၂၀၅၀ ပြည့်နှစ်အရောက်မှာ ၄၉ ဒသမ ၈ ဂစ်ဂါဝပ်အထိ မြင့်တက်လာမယ်လို့ စွမ်းအင်အသွင်ကူးပြောင်းရေးနဲ့ ရေအရင်းအမြစ် ပြုပြင်ပြောင်းလဲရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒေတာစင်တာတွေရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ ၂၀၂၇ ခုနှစ်မှာ စုစုပေါင်း လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်း ရှိရာကနေ ၂၀၅၀ ပြည့်နှစ်မှာ ၂၁ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
မလေးရှားဟာ ဉာဏ်ရည်တုနည်းပညာ (AI) အတွက် ဒေသတွင်း အချက်အချာနေရာတခု ဖြစ်လာစေဖို့ ရည်မှန်းချက်ကြီးကြီးမားမား ထားရှိနေတာပါ။
Oracle၊ Amazon နဲ့ လာမယ့် နှစ်နှစ်အတွင်း မလေးရှားမှာ ဒေတာစင်တာနဲ့ Cloud လုပ်ငန်းတွေ တိုးချဲ့ဖို့ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ (စင်ကာပူဒေါ်လာ ၁၉ ဘီလီယံ) သုံးစွဲဖို့ စီစဉ်ထားတဲ့ Alphabet ရဲ့ Google လိုမျိုးနည်းပညာကုမ္ပဏီကြီးတွေဆီကနေ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပညာ ရယူသုံးစွဲခွင့်အပေါ် အမေရိကန်ရဲ့ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေက မလေးရှားရဲ့အစီအစဉ်ကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
Nvidia ချစ်ပ်ပြားတွေကို အရှေ့တောင်အာရှကတဆင့် တရုတ်နိုင်ငံဆီ မှောင်ခိုတင်သွင်းနေတယ်ဆိုတဲ့စိုးရိမ်မှုတွေကြောင့် အမေရိကန်အစိုးရဟာ ဒေသတွင်းက ကုမ္ပဏီတချို့ကို နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။
မလေးရှားဘက်ကလည်း အဆိုပါ ကုမ္ပဏီတွေကို လက်ခံထားတာ၊ နေရာငှားရမ်းပေးတာ ဒါမှမဟုတ်ဝန်ဆောင်မှုပေးတာတွေ မလုပ်ကြဖို့ ဒေတာစင်တာ လုပ်ငန်းရှင်တွေကို ညွှန်ကြားသွားမယ်လို့ ကတိပြုထားပါတယ်။
မြင့်တက်လာတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတချို့နေရာမှာ နျူကလီးယားစွမ်းအင်နဲ့ အစားထိုးဖို့ မလေးရှားက စဉ်းစားနေပေမဲ့ အဆိုပါ အစီအစဉ်ကိုတော့ ၂၀၄၀ ပြည့်နှစ်မတိုင်ခင် အကောင်အထည်ဖော်ဖို့ မရှိသေးပါဘူး။
အိမ်ထောင်စုတွေနဲ့ စက်ရုံတွေအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုကို အကာအကွယ်ပေးနိုင်ဖို့ ဒေတာစင်တာတွေအပါအဝင် ဓာတ်အားအမြောက်အမြား သုံးစွဲသူတွေအတွက် သီးသန့် လျှပ်စစ်လက်ကား ဈေးကွက်တခု ဖော်ဆောင်သွားမယ့် အစီအစဉ်တွေကို မလေးရှားနိုင်ငံက နိုဝင်ဘာလထဲမှာ ကြေညာခဲ့ပါတယ်။
ကိုးကား – BLOOMBERG