
“လာမယ့်ရက်ပိုင်းအတွင်းမှာ ဒုံးကျည်အန္တရာယ် သတိပေးအချက်ပြသံတွေကို အထူးဂရုစိုက်ပေးကြပါ။”
၂၇၊ နိုဝင်ဘာ။
လာမယ့်ရက်ပိုင်းအတွင်း ရုရှားက နိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုအသစ်တခု ထပ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ ယူကရိန်းဘက်က ရရှိထားတယ်လို့ သမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
“စိတ်မကောင်းစွာနဲ့ပဲ ရုရှားတွေဘက်က အကြီးစားတိုက်ခိုက်မှုအသစ်တခုလုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကို ကျတော်တို့ ရထားပါတယ်” လို့ ဇလန်းစကီးက သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောသွားတာပါ။
“လာမယ့်ရက်ပိုင်းအတွင်းမှာ ဒုံးကျည်အန္တရာယ် သတိပေးအချက်ပြသံတွေကို အထူးဂရုစိုက်ပေးကြပါ။ ပြီးတော့ သူတို့ (ရုရှား) ဖျက်ဆီးလိုက်တဲ့ ကျတော်တို့ ပိုင်ဆိုင်တဲ့အရာတွေကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်သလို ရုရှားရဲ့ တိုက်ခိုက်မှုတိုင်းကိုလည်း ပြန်လည်တုံ့ပြန်သွားမယ်ဆိုတာ သိထားသင့်ပါတယ်”လို့ သူက ဆိုပါတယ်။
အဆိုပါ သတိပေးချက်ဟာ အခုသီတင်းပတ်အတွင်း သမ္မတဘက်က ဒုတိယအကြိမ်မြောက် ထုတ်ပြန်တဲ့ သတိပေးချက် ဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ စက်တင်ဘာလကတည်းက ကိယက်ဗ်မြို့နဲ့ တခြား ယူကရိန်းမြို့ကြီးတွေကို နေ့ညမပြတ် နီးပါး ဆက်တိုက် တိုက်ခိုက်နေခဲ့တာပါ။
ညပိုင်းမှာ ရုရှားက ကိယက်ဗ်မြို့ကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ခုနစ်ဦး ဒဏ်ရာရခဲ့ပြီး ဈေးဝယ်စင်တာတခုနဲ့ တခြားအဆောက်အအုံ နှစ်လုံး ထိမှန်ခဲ့တယ်လို့ မြို့တော်ဝန် ဗီတာလီ ကလစ်ရှ်ကိုကပြောပါတယ်။
မော်စကိုဘက်ကတော့ မြို့ထဲက ဒရုန်းနဲ့ သက်ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးကတော့ ယူကရိန်းဒရုန်းတွေဟာ ရုရှားတောင်ပိုင်း ကရက်စ်နိုဒါ ဒေသထဲက ရေနံချက်စက်ရုံတရုံကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ညပိုင်းမှာ ရုရှားအလယ်ပိုင်း ဘက်ရှ်ကော့တိုစတန် ဒေသထဲကTransneft ရေနံစက်ရုံဝင်းအတွင်းက ရေနံလှောင်ကန်တွေနဲ့ ဗော်လ်ဂိုဂရက်ဒေသထဲက မာရီနော့ဗ်ကာ စစ်လေယာဉ်ကွင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့တော့ အဆိုပါ ပြောဆိုချက်တွေကို ချက်ချင်းအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ရုရှားရော ယူကရိန်းပါ အရပ်ဘက်ပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ နှစ်ဘက်စလုံးက ပြောဆိုထားကြပါတယ်။
ကိုးကား – Reuters