တိုက်ပွဲပြင်းထန်ခဲ့တဲ့ မင်းတပ်မြို့နယ်မှာ စစ်အုပ်စုဘက်က ပိုအထိနာ

၃၁၊ ‌ဇူလိုင်လ၊ ၂၀၂၁။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)နဲ့ အာဏာသိမ်းစစ်အုပ်စုတပ်တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပျက်ပြယ်သွားပြီးတဲ့နောက် ဇူလိုင် ၂၁ရက်က စပြီး မင်းတပ်မြို့နယ်နဲ့ အနီးတ၀ိုက် မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ဇူလိုင် ၃၀ရက်ညက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၂၁ရက်ကနေ ၃၀ ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေကို စုစည်းထုတ်ပြန်ခဲ့တာပါ။

တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြမှုအရ နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ရာ စစ်အုပ်စုဘက်က ပိုမိုအထိနာခဲ့တာကို တွေ့ရပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်ရာမှာ မင်းတပ် CDFနဲ့အတူ ကန်ပက်လက် CDF၊ မတူပီ CDFနဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တပ်ဖွဲ့တွေ အတူတကွ ပူးပေါင်းလှုပ်ရှားခဲ့ကြတာပါ။

 

ဇူလိုင် ၂၁ရက်မှ ၃၀ရက်အတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၁၆ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့သလို ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းမှုတွေရှိခဲ့ပါတယ်။

စစ်အုပ်စုတပ်စခန်းတစ်ခုမှ လက်နက် ၂၀ကျော်ကိုလည်း CDFက သိမ်းဆည်းရရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း မင်းတပ် CDF ရဲဘော် ၅ဦး၊ မတူပီ CDF ရဲဘော် ၄ဦးနဲ့ CNF တပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုကို တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။

ဇူလိုင် ၂၁ရက်မှာ မင်းတပ်မြို့နယ် ရွှေတွင်းတူးရွာအနီး တိုက်ပွဲနဲ့ ဇူလိုင် ၂၂ရက် ရန်းချောင်းရွာ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်က ဒဏ်ရာရသူတွေရှိပြီး သေဆုံးသူတွေလည်းရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနှစ်ရက်အတွင်း CDF တပ်ဖွဲ့ဝင် ၁ဦးကျဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၂ရက်မှာပဲ မင်းတပ်မြို့နယ် မကွီအိမ်နူးတပ်စခန်းနဲ့ ရဲစခန်းကို CDF တွေ ဝင်ရောက်သိမ်းပိုက်ခဲ့ရာမှာ စစ်အုပ်စုတပ်က ဗိုလ်ကြီးတစ်ဦး CDMဝင်ခဲ့တယ်လို့ ဆိုပါတယ်။ CDM မဝင်တဲ့ အရာခံဗိုလ်နဲ့စစ်သည် ၄ဦးကိုလည်း စခန်းကနေ အသာတကြည် ထွက်ခွာခွင့်ပေးခဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီ မကွီအိမ်နူးတပ်စခန်း ကို သိမ်းပိုက်ရာမှာ လက်နက် ၂၂လက်ရရှိခဲ့တယ်လို့ CDF ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

CNFဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။

ဇူလိုင် ၂၃ရက်မှာ ရမ်ပန်းရွာ တိုက်ပွဲမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို ဇူလိုင်၂၄ရက် ရှစ်ဝါနူးရွာ တိုက်ပွဲနဲ့ ဇူလိုင် ၂၅ရက် ဒန့်ဒီးရွာတိုက်ပွဲတွေမှာလည်း စစ်အုပ်စုဘက်က ထိခိုက်မှု များခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

CDF သိမ်းထားတဲ့ မကွီအိမ်နူးတပ်စခန်းကို ဦးတည်လာတဲ့ ကန်ပက်လက်မြို့နယ်က စစ်အုပ်စု စစ်ကြောင်းကို မင်းတပ် CDFနဲ့ ကန်ပက်လက် CDF တို့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၇ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

“စကစတပ်တွေ အကျအဆုံးများစွာ ပြန်ဆုတ်သွားခဲ့ရပါတယ်။ စကစဘက်က အနည်းဆုံး ၁၀ ဦးကျဆုံး၊ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး CDF ဘက်ကတော့ ဒဏ်ရာရသူ မရှိခဲ့ပါဘူး” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။

 

ဇူလိုင် ၂၉ရက်မှာ မင်းတပ်-မတူပီလမ်း ၇၄ မိုင်မှာ ၅နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ CDF မတူပီမှ ၃ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို စစ်အုပ်စုဘက်က အနည်းဆုံး ၄ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃၀ရက်မှာလည်း အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဆက်ဖြစ်ခဲ့ပေမယ့် နှစ်ဖက် ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေကို မသိရသေးပါဘူး။

မင်းတပ် CDFနဲ့ စစ်အုပ်စုတို့အကြား ဇူလိုင် ၂၃ရက်က သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေအဆင်မပြေခဲ့လို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ အရင်တိုက်ပွဲတွေမှာ CDFက သိမ်းထားတဲ့လက်နက်တွေ ပြန်ပေးဖို့ စစ်အုပ်စု တောင်းဆိုတာကြောင့် ဆွေးနွေးမှု အဆင်မပြေခဲ့တာလို့လည်းသိရပါတယ်။

မင်းတပ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေကို စစ်အုပ်စုက အကြမ်းဖက် ဖမ်းဆီး ဖိနှိပ်ခဲ့တာကြောင့် ဧပြီလကုန်ပိုင်းကစပြီး မင်းတပ် CDFနဲ့ စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲ ဖြစ်ခဲ့တာပါ။

အဲဒီကနေ ဇွန်လ ပထမပတ်အထိ တိုက်ပွဲ ၂၀ကျော်ဖြစ်ပွားခဲ့ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀၀ ခန့်သေဆုံး ခဲ့ပြီး မင်းတပ် CDFဘက်က ၂၄ဦး ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်အများအပြား ရှိလာချိန် ဇွန်လ ၂၃ရက်မှာ အပစ်ရပ်သဘောတူညီခဲ့ကြပေမဲ့ စစ်အုပ်စုက အားဖြည့်ပြီး ထိုးစစ်ဆင်လာတာကြောင့် ဇူလိုင် ၂၁ရက်မှာ တိုက်ပွဲ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။