ကချင်နဲ့ ရှမ်းမြောက်က အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်စခန်း ၅ခုကို KIA တိုက်ခိုက်

၃၀၊ ဇူလိုင်လ၊ ၂၀၂၁။

အာဏာသိမ်းစစ်အုပ်စုက စစ်အင်အားတိုးချဲ့တာ၊ စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ပြည်သူလူထုတွေကို အနှောက်အယှက်ပေးနေတာကြောင့် ကချင်နဲ့ ရှမ်းမြောက်က စစ်အုပ်စုရဲ့ တပ်စခန်း ၅ခုကို ကချင် လက်နက်ကိုင်အဖွဲ့(KIA)က တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်- ကွတ်ခိုင် ပြည်ထောင်စုလမ်းပိုင်းက နမ့်ခိုင်နဲ့ နမ့်ပေါ် တပ်စခန်းကို ဇူလိုင် ၂၉ရက်နေ့လည်မှာ KIAက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ညပိုင်းမှာပဲ ကချင်ပြည်နယ်က စစ်အူပ်စ တပ်ရင်း တစ်ခုအပါအဝင် တပ်စခန်းနေရာ ၃ခုကို KIAက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။

 

KIA ထပ်မံတိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စု တပ်စခန်းတွေကတော့ ၀ိုင်းမော်မြို့နယ်က အမှတ် (၅၈) တပ်ရင်း၊ တနိုင်း လီဒိုလမ်းက မရန်ကထောင် စစ်ဆေးရေးဂိတ်နဲ့ မိုးကောင်းက စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)ရုံး တို့ ဖြစ်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အခုကာလအတွင်းမှာ စစ်အုပ်စုက ကချင်ပြည်နယ်ဘက်ကို စစ်အင်အားတွေ အလုံးအရင်းနဲ့ ပို့ဆောင်လာတဲ့အပေါ်မှာ KIA တပ်ပိုင်းဆိုင်ရာက ပြန်လည် အနှောက်အယှက်ပေးတဲ့ သဘောမျိုးနဲ့ စစ်အုပ်စုတပ်စခန်းတွေကို တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

“ဂိတ်တွေကတော့ ပြည်သူလူထုတွေ သွားရေးလာရေးမှာ အစစ်အဆေးတွေလုပ်တာပေ့ါ။ မတရားစစ်ဆေးရေးလုပ်တာ။ မလိုအပ်တာတွေ စစ်ဆေးတာ အဲဒါကြောင့် ဒီဂိတ်တွေကို ပစ်တာနေမှာပေါ့” လို့ သူက သုံးသပ်ပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုတပ်တွေဟာ KIA ဌာနချုပ် လိုင်ဇာအနီးကို ဇူလိုင် ၂၉ရက် ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး KIAဘက်က ပြန်လည်တုံ့ပြန်ပစ်ခတ်တာမရှိဘူးလို့ သူကဆိုပါတယ်။

 

ဇူလိုင် ၂၉ရက် ညပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ပစ်ခတ်မှုတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု သတင်းတွေကိုတော့ မကြားရသေးဘူး။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကချင်ပြည်နယ်သာမက ရှမ်းမြောက်ဒေသက KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေ မှာလည်း စစ်ရေးလှုပ်ရှားမှုတွေပိုပြီးတော့ ပြုလုပ်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အဲဒီနယ်မြေမှာတော့ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နဲ့ စစ်အုပ်စုတပ်တွေ အဓိက တိုက်ပွဲဖြစ်ပွားနေတာပါ။

အဲဒီလို စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတာကြောင့် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက် ဆက်လက်ပြီးတော့ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

KIA အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်အုပ်စုတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။