မြန်မာလူဦးရေ ထက်ဝက်လောက် ကိုဗစ်ကူးစက်ခံရနိုင်တယ်လို့ ဗြိတိန်သံအမတ်ကြီး သတိပေး

၃၀ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အချိန်မီမတားဆီးနိုင်ရင် မကြာခင် တိုင်းပြည်မှာရှိတဲ့ လူဦးရေရဲ့ တဝက်လောက် ရောဂါကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ရက် နောက်ပိုင်းမှာ

 

ကျန်းမာရေးစနစ် လုံးဝနီးပါးယိုယွင်းနေပြီး ကျန်းမာရေး ဝန်ထမ်းတွေလည်း ဖမ်းဆီးတိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

“ဗိုင်းရပ်စ်ပိုးက လူတွေကြားထဲမှာ တကယ့်ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတာပါ။ ခန့်မှန်းချက်တချို့အရ လာမယ့် သီတင်းပတ် နှစ်ပတ်အတွင်း လူဦးရေ ထက်ဝက်လောက် ရောဂါကူးစက်ခံရနိုင်ပါတယ်။” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာဇူလိုင်လ ၂၉ရက်နေ့ကပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးရာမှာ ဗြိတိန်သံအမတ်ကြီးက ပြောခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာလည်း နိုင်ငံတကာ အကူအညီတောင်းခံနေတယ်လို့ ဇူလိုင်လ ၂၈ရက်နေ့ထုတ် စစ်အုပ်စုရဲ့ သတင်းမီဒီယာတွေက ဖော်ပြချက်အရ သိရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ “ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ လူသားချင်းစာနာမှု အကူအညီတွေ ချောချောမွေ့မွေ့နဲ့ ထိထိရောက်ရောက်လုပ်ဖို့ နိုင်ငံတကာရဲ့ အနီးကပ်စောင့်ကြပ်မှု လိုအပ်တယ်လို့လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ လက်ရှိအချိန်ထိ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၈၅၀၀ ကျော်နဲ့ ကူးစက်ခံရသူ အတည်ပြုလူနာ ၂ သိန်း ၈ သောင်း ၉ ထောင်ကျော် ရှိပါတယ်။