ဒေသတွင်းမှာ မြန်မာဟာ ကိုဗစ်နဲ့ ပတ်သတ်ပြီး အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ ကုလ အထူးကိုယ်စားလှယ် သတိပေး

၂၉ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အဓိကဖြန့်ဖြူးတဲ့နိုင်ငံ ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အမ်ဒရူးက သတိပေးလိုက် ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း အပစ်အခတ်ရပ်စဲရေး တိုက်တွန်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဇူလိုင်လ ၂၇ရက်နေ့က တောင်းဆိုထားပါတယ်။

 

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်း မြင့်တက်နေချိန်မှာပဲ ပြင်းထန်တဲ့ ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရတာပါ။

အရပ်သားအစိုးရလက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေ ရပ်သွားတဲ့ အပြင် ရောဂါစစ်ဆေးပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပျက်ယွင်းကာ အစိုးရဆေးရုံတွေ ဟာလည်း အနိုင်နိုင်လည်ပတ်နေရပါတယ်။

 

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာ ရှေ့ဆုံးကပါဝင်ခဲ့ပြီး အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း စစ်အုပ်စုရဲ့ ပစ်မှတ်ထား ဖမ်းဆီးတိုက်ခိုက်ခံနေရတာကြောင့် လူနာတွေကို ပုန်းလျှိုးကွယ်လျှိုး ဆေးကုပေးနေကြရတာပါ။

ကိုဗစ်ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရဘူး ၊

သတင်းစာဆရာတွေနဲ့ ဆရာဝန်တွေကို စစ်အစိုးရက ပစ်မှတ်ထားနေတဲ့အတွက် ကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်း အချက်အလက်တွေ သိရဖို့ ခက်ခဲနေတယ်လို့ တွမ် အမ်ဒရူးက Guardian သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။