စစ်အုပ်စုရဲ့ တပ်ရင်းတွေမှာ အောက်ဆီဂျင်ရှူဖို့ သီးသန့်နေရာတွေ ပြင်ဆင်ထား

အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ရင်းတပ်ခွဲတွေမှာ ကိုဗစ်ရောဂါကူးစက်သူတွေ များပြားနေပြီး တပ်ရင်းတိုင်းမှာ သီးသန့်နေရာ ထားရှိပြီးတော့ ဆေးကုသမှုလုပ်ဆောင်နေတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ 

“တပ်ထဲမှာတင် နေရာသီးသန့်လုပ်ထားတယ်၊ အားကစားလုပ်တဲ့နေရာတွေမှာ အောက်ဆီဂျင်အိုးတွေ အပြည့်နဲ့ထားတယ် အောက်ဆီဂျင်ရှူဖို့လိုသူဆိုရင် အဲ့မှာ သွားရှူရတယ် သက်သာရင် ကိုယ့်နေရာ ကိုယ်ပြန်သွားနေပဲ၊ အဲ့ဒါက ဗိုလ်အဆင့်အထိ အဲ့လိုပဲ အဲ့မှာသွားရှူ မရှိဘူးဆိုတာတော့ မရှိဘူး အောက်ဆီဂျင်က အမြဲအပြည့်ထားထားတယ်”လို့ ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့ မှော်ဘီမြို့နယ် တပ်ရင်းတစ်ခုက ဒုတပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦးက Delta News Agency ကို ပြောပါတယ်။

အခုလို သီးသန့်နေရာမှာ သွားရောက် အောက်ဆီဂျင်ရှူဖို့ကို မိသားစုဝင်တွေက လိုက်ပို့ပေးရပါတယ်။ အရာရှိအဆင့်တွေအတွက်တော့ သီးသန့် ပြင်ဆင်ပေးထားတဲ့ နေရာတွေမှာ ဆေးကုသခွင့် ပေးထားတယ်လို့ သူက ဆက်လက်ပြောပါတယ်။

“မိသားစုတွေပါ ဖြစ်နေရင်ကျတော့ အပေါ်ကို အကြောင်းကြားရတယ်၊ ထပ်ပြီးစီစဉ်ပေးတယ် ကိုယ်တိုင်လည်း သွားပဲရှူနေတာမို့ နေမကောင်းသေးတော့ ဘယ်လိုလုပ်နေကြလဲဆိုတာတော့ မသိဘူး၊ အထက်အဆင့်တွေကျတော့ သီးသန့်”လို့ သူက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို အောက်ဆီဂျင်ဖြန့်ဝေပေးနေတဲ့ နေရာတွေမှာ တားဆီးပိတ်ပင်တာတွေ ပြည်သူတွေ သယ်ယူလာတဲ့ အောက်ဆီဂျင်အိုးတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

ပြည်သူတွေလှူဒါန်းမှုနဲ့ တည်ဆောက်ထားတဲ့ အောက်ဆီဂျင်စက်ရုံတွေမှာလည်း အောက်ဆီဂျင် ဖြန့်ဝေမှုကို ချုပ်ကိုင်တာတွေ ပြုလုပ်နေချိန် တပ်အတွင်းမှာတော့ အောက်ဆီဂျင်လုံလောက်ဖို့အတွက် အခုလို ပြင်ဆင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။