စစ်အုပ်စုဟာ ကပ်ရောဂါကို လက်နက်သဖွယ်အသုံးချပြီး အာဏာတည်ဆောက်နေတယ်လို့ KIO/KIAရဲ့ ဗိုလ်မှူးကြီးနော်ဘူပြော

အာဏာသိမ်းစစ်အုပ်စုဟာ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကို တာဝန်ယူမှုမရှိတဲ့အပြင် ကပ်ရောဂါကို လက်နက်သဖွယ်အသုံးချပြီး အာဏာတည်ဆောက်နေတာကို တွေ့ရတယ်လို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကပ်ရောဂါနဲ့ ပတ်သက်ပြီး စစ်အုပ်စုရဲ့ကိုင်တွယ်ဆောင်ရွက်မှု၊ ပြည်သူလူထုတွေအခက်အခဲ ကြုံတွေ့ နေရမှု စတာတွေ အပေါ် သုံးသပ်ပြီး ဗိုလ်မှူးကြီးနော်ဘူက

သူ့ရဲ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလို ဖော်ပြတာဟာ အခြားသူတွေကိုလည်း သုံးသပ်နိုင်အောင်လို့ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၂၈ရက်မှာ ပြောပါတယ်။

စစ်အုပ်စုအနေနဲ့ ကိုဗစ်လူနာတွေကို ဆေးကုသမှု မပေးတဲ့ဖြစ်စဉ်တွေ၊ အောက်ဆီဂျင်စက်တွေကို ထိန်းချုပ်ပြီး ပြည်သူလူထု အခက်အခဲဖြစ်အောင်လုပ်နေတာတွေ တွေ့နေရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

“သူ့ကိုထောက်ခံတဲ့ကြံ့ဖွံ့ပါတီဝင်တွေ၊ တပ်မတော်သားတွေ ၊ တပ်မိသားစုတွေအတွက် ဆေးဝါးနဲ့ အောက်စီဂျင် လုံလုံလောက်လောက် ကြိုတင်ပြင်ဆင် စုဆောင်းထားပြီး ဆိုတာ သိရပါတယ်။ သူ့ကိုဆန့်ကျင်တဲ့ ပြည်သူလူထုကိုတော့ ဆေးဝါးကုသမပေးဘူး၊ အောက်စီဂျင်လည်း ပေးမရှူဘူး” လို့ သူက ပြောပါတယ်။

ပြည်သူလူထုတွေ အသက်ဆုံးရှုံးရရင်တောင် ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့်မရတဲ့ အခြေအနေတွေကို လည်း တွေ့နေရတယ်လို့ ထောက်ပြပါတယ်။

“သူ့(အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)အတွက်တော့ သူ့ကို ဆန့်ကျင်တဲ့ လူတွေ သေလေကောင်းလေ၊ ကိုဗစ်ဖြစ်တာကိုအခွင့်ကောင်းယူပြီး ရောဂါကူးစက်မှုကို လက်နက်သဖွယ် အသုံးချပြီး အာဏာတည်ဆောက်နေတာကိုပဲ တွေ့ရပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ရေးသားထားပါတယ်။

ဒါကြောင့်မို့ ကပ်ရောဂါကာလမှာ ပြည်သူလူထုအချင်းချင်း ကူညီစောင့်ရှောက်ကြဖို့ သူကတိုက်တွန်းပါတယ်။

“လူမှုကူညီရေးအဖွဲ့၊ ဘာသာရေးအဖွဲ့၊ စတဲ့ လူ့အဖွဲ့အစည်း အချင်းချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ တွေ ဖွဲစည်းထားရင် ကောင်းပါ တယ်။ စကစ ကို အားမကိုးရဘူး ကိုယ်ခြေထောက်နဲ့ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ ဒါတွေအားလုံးဟာ နွေဦးတော်လှန်ရေးပန်းတိုင်သို့ သွားသော ခြေလှမ်းတွေ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

KIA အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှစပြီးတော့ စစ်အုပ်စုတပ်စခန်းတွေ ရဲစခန်းတွေကို

ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမကြာခဏ လုပ်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။