စင်ကာပူက မြန်မာကို အောက်စီဂျင်စက် အလုံး ၂၀၀ ပို့ပေးမယ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဒဏ် ဆိုးဆိုးရွားရွားခံစားနေရချိန် အိမ်နီးချင်းစင်ကာပူနိုင်ငံက အောက်စီဂျင်စက် အလုံး ၂၀၀ ပို့ပေးမယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေဆီကို အောက်ဆီဂျင်စက်တွေ ပို့ဆောင်ဖို့ စင်ကာပူနိုင်ငံ ကြက်ခြေနီအဖွဲ့ (SRC) က မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့

ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန က ဒီနေ့ (ဇူလိုင်လ ၂၈)ရက်နေ့မှာ ကြေညာခဲ့တာပါ။

ဇွန်လ ကတည်းက မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ အလျင်အမြန်မြင့်တက်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၆ရက်နေ့ တရက်တည်း အတည်ပြုလူနာသစ် ၄၆၀၀ ကျော်နဲ့ သေဆုံးသူ ၄၀၀ နီးပါး ရှိပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ နေ့စဉ်ကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာထက် ပိုများတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဆိုးရွားနေချိန်တောင်မှ အာဏာသိမ်းစစ်အုပ်စုဟာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး

ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်ထုတ်ပေးနေတဲ့ စက်ရုံတွေကိုလည်း ပိတ်ပင် နှောက်ယှက်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ ပိုအကြပ်တွေ့နေရတာ ဖြစ်ပါတယ်။

Ref – The Straits Times