၂ ၊ သြဂုတ်လ ၊ ၂၀၂၁ ။
အကြမ်းဖက်စစ်အုပ်စုရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားစေမှုတွေ အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ ကရင်နီအမျီုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန်လိုက်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ် ကပ်ရောဂါကို ပိုမိုမပြန့်ပွားအောင် ကာကွယ်တားဆီးရမှာဖြစ်ပေမယ့် စစ်အုပ်စုဟာ
လွိုင်ကော်မြို့နယ်အတွင်းက ပြည်သူတွေ တည်ဆောက်ထားတဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်တွေကို အတင်းအဓမ္မ ဖြုတ်ချစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုလုပ်ရပ်ဟာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ KNDFက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီဒေသကို ထိုးစစ်ဆင်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီအမျိုးသား တိုး တက်ရေးပါတီ(KNPP/KA)နဲ့အတူ ပေါင်းပြီး ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက် သွားမယ်လို့ ပြောပါတယ်။
ပြည်သူတွေကို နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဩဂုတ်လကနေ အောက်တိုဘာလအထိ အပစ်ရပ်စဲမယ်လို့ ကြေညာထားပေမယ့်
လက်တွေ့မှာ ကြေညာချက်နဲ့ ဆန့်ကျင်ပြီးတော့ ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း မြို့နယ်တွေမှာ စစ်ဆင်ရေးတွေလုပ်ဆောင်နေတယ်လို့ KNDFက ဆိုပါတယ်။
KNDFဟာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း KNPPတပ်နဲ့အတူပေါင်းပြီး စစ်အုပ်စုရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့ပါတယ်။ ဘောလခဲနဲ့ လွိုင်ကော်မြို့နယ်တိုက်ပွဲတွေမှာ KNPP/KNDF ပူးပေါင်းအဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုတပ်ဖွဲ့တွေ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။
KNDFဟာ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ ပြည်သူလူထုတွေအပေါ် စစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် လက်နက်စွဲကိုင်တော်လှန်ဖို့ ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထဲက အဖွဲ့တစ်ခုဖြစ်ပါတယ်။