၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူရဲ့ ဆန္ဒအမှန်ကို ကိုယ်စားပြုတယ်လို့ SNLDထုတ်ပြန်

၂၈ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုအများစုရဲ့ ဆန္ဒမှန်ကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီက ဒီနေ့(ဇူလိုင် ၂၈ရက်) ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ဖွဲ့စည်းထားတဲ့ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ်

ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံးအနိုင်ရရှိခဲ့တဲ့ SNLDပါတီက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်ပယ်ဖျက်လိုက်တာက စစ်အုပ်စုဆုပ်ကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြန်ဌာန်းချက်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ နည်းဥပဒေတွေကို ဆန့်ကျင်ကျော်လွန်ရာ ရောက်ကြောင်း ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအင်္ဂါရပ်နှင့် စံနှုန်းတွေကို သွေဖယ်နေတဲ့အတွက် တရားမျှတမှု လုံး၀မရှိသကဲ့သို့ လက်ခံနိုင်စရာ မရှိဘူးလို့ SNLD ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ၊၊ တရားမဲ့ပြုကျင့်မှုတွေ ရှိနိုင်တယ် ဆိုပေမယ့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ပေါ်လာတဲ့ မဲရလဒ်ဟာ ပြည်သူလူထုအများစုရဲ့ ဆန္ဒအမှန်ကို

ကိုယ်စားပြုတယ်လို့ လက်ခံယုံကြည်တယ်၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေ ရှိခဲ့တဲ့တိုင် ဥပဒေနှင့်အညီ ခုံရုံးတွေဖွင့်ပြီး ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ SNLDက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်ကိုမျှ ဥပဒေအတိုင်း လျှောက်လဲခွင့်၊ ဖြေရှင်းချေပခွင့် မပေးဘဲ ရွေးကောက်ပွဲရလဒ် တစ်ခုလုံးကို သိမ်းကျုံး၍ ပယ်ဖျက်လိုက်တာက ဥပဒေနှင့်အညီ ရိုးသားဖြောင့်မတ်စွာ ရွေးကောက်ပွဲဝင်ခဲ့ကြသူ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူတွေကို မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုလုပ်ရာရောက်တယ်လို့ SNLDက ဆိုပါတယ်။