“ကိုဗစ်ကာလ အပစ်အခတ်ရပ်စဲရေး”အတွက် ကုလအထူးကိုယ်စားလှယ် အရေးပေါ်တောင်းဆို

၂၈ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် ကူးစက်သေဆုံးမှုတွေ မြင့်တက်နေတာတောင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ကျန်းမာရေးဝန်ထမ်းတွေအပေါ် ဖိနှိပ်တိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေချိန်မှာ အရေးပေါ် “ကိုဗစ်ကာလ အပစ်အခတ်ရပ်စဲရေး” လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ် အမ်ဒရူးက ဇူလိုင်လ ၂၇ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ လူပေါင်းများစွာ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတဲ့အပြင် ကုလသမဂ္ဂက ဘာမှမလုပ်ဆောင်ဘူး ဆိုရင် နောက်ထပ်လူပေါင်းများစွာ အသက်ဆုံးရှုံးရဦးမယ် ၊ ဆိုးရွားနေတဲ့ ကိုဗစ်အကြပ်အတည်းကြားမှာ စစ်အစိုးရရဲ့ တိုက်ခိုက်မှုတွေ ၊

နှောက်ယှက်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ ရပ်သွားအောင် ကုလသမဂ္ဂက ချက်ချင်းလုပ်ဆောင်ရမယ်” လို့ သတိပေးခဲ့ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ အနည်းဆုံး လူပေါင်း ၉၃၀ကျော်ကို သတ်ပစ်ခဲ့ပြီး လူပေါင်း ၅၆၀၀ ကျော်ကို လည်း ကိုဗစ်ရောဂါကူးစက်နိုင်တဲ့ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးထားကာ ကုလစာရင်းတွေအရ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၅သိန်း ၇သောင်းရှိတယ်လို့ ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ နိုင်ငံတိုင်းမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုနဲ့ဆိုင်တဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဖေဖော်ဝါရီလက ကုလလုံခြုံရေးကောင်စီမှာ ချမှတ်ခဲ့ပြီး ဖြစ်တယ်။ ဒါ့ကြောင့်“ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် (၂၅၆၅) အရ စစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေကို

ကိုဗစ်ရောဂါကာကွယ်ဆေး ဘေးကင်းကင်းနဲ့ ပို့ဆောင်ဖြန့်ဖြူးနိုင်ဖို့ ၊ စစ်မက်ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်ပေါင်းစုံအနေနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ရေရှည်ပေးနိုင်ဖို့ အချိန်ကာလတခုအထိ အပစ်အခတ်ရပ်ထားရမယ်”လို့ တွမ် အမ်ဒရူးက ပြောခဲ့ပါတယ်။

ဒါ့ကြောင့် အဲဒီလုပ်ငန်းစဉ်မှာ ပါဝင်မယ့် ကယ်ဆယ်ရေးလုပ်ဆောင်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အကာအကွယ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှာ NUG အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၄သန်းရရှိထားပြီး တတိယအဖွဲ့အစည်းကနေ တဆင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောခဲ့ပါတယ်။