NUG နဲ့အလွတ်သဘောတွေ့ဆုံဖို့ အာဆီယံမှာ မလေးရှားအဆိုပြုမယ့်အပေါ် APHR ဥက္ကဌ ကြိုဆို

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော တွေ့ဆုံ ဆက်ဆံလုပ်ကိုင်သင့်တယ်ဆိုတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တင်သွင်းမယ့် အဆိုပြုချက်ကို လူ့အခွင့်အရေးအတွက် အာဆီယံအမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Charles Santiago က ကြိုဆိုလိုက်ပါတယ်။
အဲဒီအဆိုပြုချက်ကို လာမယ့်အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တင်သွင်းဖို့ရှိနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထောက်ခံသင့်တယ်လို့ Charles Santiago က ပြောပါတယ်။
မြန်မာ့အရေးအာဆီယံမူ ၅ ရပ် တစ်နှစ်ပြည့်ဖြစ်တဲ့ ၂၀၂၂ ဧပြီ ၂၄ ရက်နေ့မှာ APHR က တရားဝင် ရွေးကောက်ထားတဲ့ အစိုးရနဲ့ပဲ ဆက်ဆံပြီး စစ်အုပ်စုကို လုံးဝအသိအမှတ်မပြုဖို့အပါအဝင် အချက် ၅ ချက်ကို လုပ်ဆောင်ဖို့ အာဆီယံအသင်းထံ တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးအစည်းအဝေးမှာ အဆိုပြုမယ့်အပေါ် အကြမ်းဖက်စစ်အုပ်စုက တာဝန်မဲ့၊ အဆင်ခြင်မဲ့ ပြောဆိုချက်ဖြစ်တယ်လို့ ကန့်ကွက်ထားပါတယ်။