ကိုဗစ်မူလဇစ်မြစ်ကို ရှာဖွေဖို့ နောက်ထပ် ပညာရှင် ၂၆ ဦးရဲ့ အမည်စာရင်း WHO တင်သွင်း

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာ မူလဇစ်မြစ်ကို ရှာဖွေဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သိပ္ပံနည်းကျ အကြံပေးအဖွဲ့တစ်ဖွဲ့ကို အမည်စာရင်းတင်သွင်းလိုက်ပါပြီ။

ဒီအဖွဲ့မှာ ပညာရှင်ပေါင်း ၂၆ ဦးပါဝင်မှာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံပေါင်း ၂၄ နိုင်ငံက ပညာရှင်တွေလည်း ပါဝင်နေပါတယ်။

အဖွဲ့သစ်အနေနဲ့ ကိုဗစ်ရောဂါ ဖြစ်ပေါ်ရာ ဇစ်မြစ်ကို ရှာဖွေဖို့ နောက်ဆုံး အခွင့်အလမ်းဖြစ်နိုင်ပြီး တစ်နှစ်ခွဲကျော်ကြာ အဖြေရှာဆဲ အခြေအနေဟာ အဆုံးသတ်ဖြစ်လာဖို့ ရှိနေတယ်လို့ WHO က အသိပေးခဲ့တာပါ။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ် စတင်ခဲ့တယ်လို့ ကနဦးသိရှိထားပေမယ့် ဘယ်ကနေ စတင်ပေါ်ပေါက်လာသလဲဆိုတာကိုတော့ လက်ရှိအချိန်ထိ ကွဲကွဲပြားပြား မသိရှိသေးပါဘူး။

အစောပိုင်း စစ်ဆေးမှုတွေမှာတော့ လင်းနို့တွေကတဆင့် လူသားတွေဆီကူးစက်တာနဲ့ ဝူဟန်မြို့ ဓာတ်ခွဲခန်းတစ်ခုကနေ စတင်ခဲ့တာဖြစ်တယ်ဆိုတဲ့ ကောက်ချက်ဆွဲထားတာတွေ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဒုတိယအချက် ဓာတ်ခွဲခန်းယိုစိမ့်မှုကနေ ကူးစက်ခဲ့တာဆိုတဲ့ ကောက်ချက်ကိုတော့ ပြင်းပြင်းထန်ထန် ငြင်းပယ်ထားပါတယ်။

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ်ကတော့ အစောပိုင်း ဝူဟန်မြို့ကို သွားရောက် စစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အသိပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ ဓာတ်ခွဲခန်းကနေ စတင်တယ်ဆိုတဲ့ ကောက်ချက်က သေချာဖို့ ရာနှုန်းများလာခဲ့ပြီး အင်တာဗျူးတချို့မှာလည်း ဒီအချက်ကို WHO ရဲ့ အရာရှိတွေက မီးမောင်းထိုးလာခဲ့ပါတယ်။

“အနာဂတ်မှာ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ဆိုရင် ရောဂါသစ်တွေဘယ်ကလာသလဲဆိုတာ နားလည်ဖို့ လိုသလို ကပ်ရောဂါတွေရဲ့ အတိမ်အနက်အတွက် ကျွမ်းကျင်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ လိုအပ်တယ်”လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ်က ပြောပါတယ်။

SAGO လို့ ခေါ်တဲ့ ဒီအဖွဲ့အတွက် ပညာရှင်ပေါင်း ၇၀၀ ထဲက ၂၆ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေပြုလုပ်အပြီးမှာ ထပ်မံအတည်ပြုသွားမှာဖြစ်ပါတယ်။

WHO က တင်သွင်းတဲ့ ဒီအဖွဲ့အတွက် ဂျီနီဗာက ကုလသမဂ္ဂဆိုင်ရာတရုတ်သံအမတ် ချန်ရှူကတော့ SAGO အနေနဲ့ နိုင်ငံရေးမလုပ်သင့်ဘူးလို့ သတိပေးခဲ့ပါတယ်။