မကွေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌ ကိုဗစ်ကူးစက်ခံနေရ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာတို့ဟာ မကွေးအကျဉ်းထောင်အတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး ထောင်အတွင်းမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

“ဇူလိုင်လ ၁၄ရက်နေ့ကစပြီး ကိုဗစ်အကြောင်းပြပြီး ထောင်ထဲမှာ ရုံးထုတ်တာတွေကို မလုပ်တော့ဘဲ ရပ်နားထားတော့ တွေ့ဆုံခွင့်တော့ မရခဲ့ဘူး၊ သတင်းတွေအရတော့ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌ ကိုဗစ်ကူးစက်ခံထားရပြီး

ပြင်ပမှာ ဆေးဝါးကုသဖို့ ခွင့်မပေးဘူးလို့ သိရတယ်၊ တွေ့ဆုံခွင့်ရရှိဖို့နဲ့ ကျန်းမာရေးအခြေအနေကို တိတိကျကျသိရဖို့ တောင်းဆိုမှုတွေတော့ လုပ်ထားကြပါတယ်”လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့ရဲ့ ရုံးချိန်းတွေကိုလည်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရေးက ရုံးချိန်းတွေ ထပ်မံရွေ့ဆိုင်းထားပြီး ရှေ့နေတွေအနေနဲ့ တွေ့ဆုံခွင့်တွေ မရရှိတာ ကြာမြင့်နေပြီဖြစ်ပါတယ်။