နွားထိုးကြီးဆေးရုံမှာ ကိုဗစ်စစ်ပေးဖို့ ကန့်သတ်

၇ ၊ ဩဂုတ်လ၊ ၂၀၂၁။

နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံမှာ Rapid Test Kit ရရှိမှု အခက်အခဲဖြစ်နေတာကြောင့် ကိုဗစ်လက္ခဏာခံစားနေရသူတွေကိုသာ ပိုးရှိမရှိစစ်ဆေးတော့မှာဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ဆက်စပ်နေတဲ့ မိသားစုဝင်တွေကအစ စစ်ဆေးပေးနိုင်ခြင်းမရှိတော့ဘူးလို့ ဆေးရုံက သတင်းထုတ်ပြန်ထားပါတယ်။


အသက်ရှုကြပ်ခြင်းခံစားနေရသူ၊ အနံ့ပျောက်နေသူ၊ ပြင်းထန်စွာဖျားနေသူတွေသာ ကိုဗစ်ရှိမရှိ စစ်ဆေးပေးမှာဖြစ်ပြီး ကျန်သူတွေကိုတော့ Rapid Test Kit မရှိတာမို့ မစစ်ဆေးပေးနိုင်ဘူးလို့ ဆိုပါတယ်။

“သူတို့ကြေညာပုံက ရီရတယ် ကိုဗစ်ဖြစ်သူပဲ ကိုဗစ်ပဲစစ်ပေးမယ်လို့ ကြေညာလိုက်ပြီးရောပေါ့၊ အနံ့ပျောက်တယ်ဆိုတာနဲ့ ကိုဗစ်က ဖြစ်ပြီပဲလေ ဘယ်သူက သူတို့ဆီသွားပြီး စစ်တော့မလဲ စစ်တော့လဲ ဆေးရုံတက်ခွင့်က ရတာမှမဟုတ်တာ၊ အပြင်မှာ တစ်ခုကို ငါးထောင်တစ်သောင်းရောင်းနေတဲ့ ဒီလိုပစ္စည်းတောင် ဆေးရုံမှာ မရှိဘူးဆိုတော့ ဒီစစ်ကောင်စီလက်ထက် ဘယ်လောက်ထိ အဖြစ်ဆိုးနေလဲဆိုတာ သိသာနေတယ်”လို့ နွားထိုးကြီးဒေသခံတစ်ဦးကပြောပါတယ်။
နွားထိုးကြီးမြို့မှာ ကိုဗစ်ကူးစက်မှုမြင့်မားနေပြီး ဆေးရုံတွေမှာ လူနာထားရှိဖို့ မလုံလောက်တာမို့ နေအိမ်တွေမှာပဲ နေထိုင်ပြီး ဆေးဝါးကုသနေသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။