ရန်ကုန်မြို့ပေါ် စစ်လေယာဉ် ပျံသန်းပြီးနောက် တိမ်ပုံစံအငွေ့တွေ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ကုလအစည်းအဝေးမှာသံအမတ်ကြီးဖွင့်ချ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

ပြီးခဲ့တဲ့ဇူလိုင်လက ရန်ကုန်မြို့ပေါ် စစ်လေယာဉ်တွေ ပျံသန်းပြီးနောက် ပုံမှန်မဟုတ်တဲ့ တိမ်ပုံစံအငွေ့ တွေဖြစ်ပေါ်လာခြင်းကို စစ်အုပ်စုက အန္တရာယ်ရှိအဆိပ်အတောက်တွေထုတ်လွှတ်နေတယ်လို့ ဒေသခံ ပြည်သူတွေယူဆကြကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှ ပြောကြားခဲ့ပါတယ်။

မနေ့က နယူးယောက်မှာကျင်းပတဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီရဲ့ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းက “နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားပြင်းလက်နက်များနဲ့ သမားရိုးကျလက်နက်များ” နဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒီတိမ်ပုံစံအငွေ့ဟာ သာမန်အခိုးအငွေ့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ စစ်တပ်အကြီးအကဲအနေနဲ့ သူမလုပ်ရဲတာမရှိ ဘူးလို့ ပြောကြားခဲ့ဖူးတယ်လို့လည်း သံအမတ်ကြီးကထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအခြေအနေမှာမဆို ဓာတုလက်နက်အသုံးပြုတာတွေကို ရှုတ်ချတဲ့အကြောင်း ဓာတု လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်မှာ မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးခဲ့ပေမဲ့ စာချုပ်ပါ အချက်အ လက်တွေကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းရှိ,မရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့အကြောင်း လုံလောက်တဲ့ သက်သေအထောက်အထားတွေအရ ၁၉၈၀ပြည့်နှစ်တွေက မြန်မာစစ်တပ်ဟာ ပဲခူးတိုင်း၊ ထုံးဘိုကျေးရွာအနီးရှိ ဓာတုလက်နက် ထုတ်လုပ်တဲ့စက်ရုံကနေ ဆာလဖာဓာတုအဆိပ်တွေ (sulphur mustard) ထုတ်လုပ်ခဲ့တယ်လို့ သိရှိရတဲ့အကြောင်းအဲဒီဓာတု စက်ရုံကို စစ်တပ်ဘက်က ထိန်းချုပ်ထားပြီး မြန်မာစစ်တပ်အနေနဲ့ အရပ်သားအစိုးရသို့ အစီရင်ခံတင်ပြခဲ့ခြင်းမရှိတဲ့အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးသံအမတ်ကြီးက မြန်မာစစ်တပ်ဟာပြည်ပကနေတင်သွင်းတဲ့သေစေနိုင်တဲ့စစ်လက်နက်တွေကို အသုံးပြုပြီး မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့အတွက် မြန်မာစစ်တပ်ကို လက်နက် ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ ရောင်းချနေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာပြည်သူတွေကိုယ်စား မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။

နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ရပ်တန့်တာဟာ စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်မှုတွေကို တားဆီးနိုင်မှာမဟုတ်ပေမဲ့ အပြစ်မဲ့ပြည်သူပေါင်း များစွာရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်လို့လည်းဆိုပါတယ်။